ကိုယ်တော်ပျောက်ဘုရားနှင့် လက်တော်ရာဘုရား

Listing Description

ကိုယ်တော်ပျောက်ဘုရားနှင့် လက်တော်ရာဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး- အမြင့်သွားကားလမ်း၏ လက်ဝဲဘက် ချောင်းဦးမြို့နှင့် ငါးမိုင်အကွာ၊ မုံရွာမြို့နှင့် ၁၅ မိုင်အကွာ တောကျောင်းလေးကျေးရွာအုပ်စုတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံဒေသအနှံ့ ခြေတော်ရာထုလုပ်ကိုးကွယ်မှု အလွန်များပြားစွာ ဖူးတွေ့ရသော်လည်း လက်တော်ရာဘုရားကိုမူ တစ်နိုင်ငံလုံးတွင် ချောင်းဦးမြို့နယ်တွင်သာ ဖူးတွေ့ရမည်ဖြစ်သည်။ လက်တော်ရာဘုရားသမိုင်းအရ ကကုသန်ဘုရားရှင်၏ ညှပ်ရိုးတော်၊ ကောဏဂုံဘုရားရှင်၏ ရင်အုပ်တော်၊ကဿပဘုရားရှင်၏ နဖူးတော်နှင့် လည်ချောင်းတော်တို့ ဌာပနာထားသည်ဟု သိရပါသည်။ ဂေါတမမြတ်စွာဘုရား ဒေသစာရီကြွစဉ် တန့်ကြည့်တောင်၌ ရပ်တော်မူပြီး သာသနာထွန်းကားပြန့်ပွားမည့် မြောက်စူးစူးသို့ လက်ညိုးညွှန်ကာ ရှေးနောင်တော်ဘုရားသုံးဆူ၏ သရီရဓာတ်တော်များ ကိန်းအောင်းဖူးမြော်ရန် ဆန္ဒပြုရာ ပစ္စေကဗုဒ္ဓ အလောင်းတော် ဓနုသီဟမင်းကြီးတည်ထားသည့် ကိုယ်တော်ပျောက်စေတီတည်သော နေရာအရောက်တွင် သိကြားမင်းသည် ဘုရားရှင်၏ ဆန္ဒပြည့်စေရန် မြေနှစ်လွှာခွဲ၍ ဖန်ဆင်းစေရာ နောင်တော်ဘုရားသုံးဆူတို့၏ သရီရဓာတ်တော်များကို ဖူးတွေ့ရပြီး လက်ယာရစ် ခုနစ်ပတ်လှည့်ကာ ဖူးမြော်ခဲ့သည်ဟု ဘုရားသမိုင်းတွင် ဖော်ပြထားပါသည်။ အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာသော ကိုယ်တော်ပျောက်ဘုရားနှင့် လက်တော်ရာဘုရားကြီး၏ ဂန္ဓကုဋိတိုက်တော်ကို ၁၃၅၈ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ၁၃၇၅ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားရာ ဘုံပြာသာဒ်ရွှေထီးတော်တို့ဖြင့် ခမ်းနားထည်ဝါလှသည်ကို တွေ့ရသည်။ ကိုယ်တော်ပျောက်ဘုရားနှင့် လက်တော်ရာဘုရားတို့၏  ဝိသေသထူးခြားချက် ၂၇ ချက်ကို သမိုင်းအကျဉ်းစာအုပ်တွင် ဖော်ပြထားရာ၌ မြန်မာနိုင်ငံတွင် တစ်ဆူတည်းသာ ပေါ်ပေါက်ခြင်း၊ ဂေါတမဘုရားရှင်ကိုယ်တော်တိုင်ကြွချီပူဇော်ခဲ့ခြင်း၊ ကကုသန်ဘုရား ညှပ်ရိုးတော်၊ ကောဏဂုံဘုရားရင်အုပ်တော်၊ ကဿပဘုရား၏ နဖူးတော်၊ လည်ချောင်းတော်နှင့် ဂေါတမဘုရား လက်ယာလက်ရုံးတော်များဌာပနာပူဇော်ထားသည့် ဓာတုစေတီမြတ်ဖြစ်ခြင်း စသည်တို့ပါဝင်သည်။ သမိုင်းဝင်ထင်ရှားလက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ဝါဆိုလဆန်း ၁၄ ရက်တွင် ကျင်းပပါသည်။