ငကျွဲနားတောင်းစေတီ

Listing Description

ငကျွဲနားတောင်းစေတီသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအတွင်းရှိ သဗ္ဗညုဘုရားနှင့် ပုထိုးသားများဂူဘုရားအကြား၊ နတ်လှောင်ကျောင်းအနီးတွင် တည်ရှိပါသည်။ သရေခေတ္တရာတွင် ပျူတို့တည်ခဲ့သည့် ဘောဘောကြီးဘုရား၊ ဘုရားကြီး၊ ဘုရားမာစသည့် စေတီပုံများနှင့်တူညီပြီး လုံးစောက်သော ပုံသဏ္ဌာန်ရှိကာ အောက်ခြေ၌ အုတ်ခုံအဝိုင်းဖြင့် ခံထားပါသည်။ စေတီဉာဏ်တော်မှာ ၄၄ ပေရှိပြီး စေတီတစ်ဆူလုံးကိုလည်း စဉ့်စိမ်းရောင်သုတ်လိမ်းထားပါသည်။ ငကျွဲနားတောင်းစေတီကို ခရစ် ၁၀ ရာစုတွင် တောင်သူကြီးမင်း (အေဒီ ၉၃၁−၉၆၄)က တည်ထားခဲ့ကြောင်း အစဉ်အဆက် မှတ်သားထားခဲ့ကြပါသည်။ ငကျွဲနားတောင်းဟူသော ဘွဲ့အမည်မှာ မူလကနားတောင်းကြီးအား ထောင်ထားဟန်နှင့်တူပြီး ပုဂံရာဇဝင်တွင် ခွန်အားဗလနှင့်ပြည်စုံ၍ ထင်ပေါ်ကျော်ကြားသည့် ပုဂံသားငကျွဲကို အစွဲပြုကာ မှည့်ခေါ်ခဲ့သည်ဟုယူဆရပါသည်။ သူရဲ စဉ့်ပုထိုးဟူ၍လည်း ခေါ်ဆိုကြသည်ဟု သိရပါသည်။ စဉ့်ရည်သုတ်အုတ်ချပ်များစီ၍ တည်ဆောက်ထားသော စေတီဖြစ်သဖြင့် ပုဂံခေတ် စဉ့်ရည်သုတ်လုပ်ငန်း၏ ထူးခြားပြောင်မြောက်ပုံကို လေ့လာနိုင်ပါသည်။ ငကျွဲနားတောင်းစေတီမှာ ငလျင်ဒဏ်ကိုလည်း ခံခဲ့ရပြီး ယခုအခါ အောက်ပစ္စယာဆင့်များနှင့် အထက်သပိတ်မှောက်အရှည်၏ အပေါ်ထိပ်အထိမျှသာ ကျန်ရှိပါတော့သည်။