အနိမ့်မြို့ဟောင်း

Listing Description

အနိမ့်မြို့ဟောင်း (သုံးပန်လှရွာ) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ အမြင့်မြို့ဟောင်းကဲ့သို့ သမိုင်းဝင် ရွာတစ်ရွာဖြစ်ပါသည်။ ချောင်းဦးမြို့မှအနောက်ဘက် ၇ မိုင်ခွဲကွာဝေးသော  အမြင့်မြို့ဟောင်း၏ တောင်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ အနိမ့်မြို့ဟောင်းသည် ထောင့်မှန်စတုဂံ ပုံရှိ၍ မြို့ရိုးသည် အရှေ့တောင်ဘက်မှ အနောက်ဘက်သို့ တိမ်းစောင်းနေ သည်။ အရှေ့မြို့ရိုးဟု ယူဆရသည့် နေရာသည် ခြောက်ပေခန့်မြင့်၍ အနောက်မြို့ရိုးကို စပါးခင်းများအကြား၌ နှစ်ပေခန့် အမြင့်ကျန်ရှိ နေသည်ကို မြင်တွေ့နိုင်သည်။ တောင်ဘက်မြို့ရိုးသည်လည်း ခြောက်ပေခန့်မြင့်၍ မြောက်ဘက်မြို့ရိုးမှာမူ ကွယ်ပျောက် နေပြီဖြစ် သည်။ ယခုအခါတွင် ကျုံးဟောင်းကို ဆယ်ဖို့၍ ဆည်မြောင်းပြုလုပ်ထားကာ တူးဖော်ထားသည့် မြေများကို တောင်ဘက်မြို့ ရိုး ပေါ်သို့ တင်ထားသည်။ အနိမ့်သည် အမြင့် ငါး မြို့ စာရင်းတွင် အလ္လာကပ္ပ၊ ချောင်းဦး၊ အမြင့် ၊နဘက်တို့ နှင့် အတူပါ၀င်ခဲ့ကာ လက်ရှိအချိန်တွင် သုံးပန်လှကျေးရွာဟုလည်း အမည်တွင်သည်။ အနိမ့်မြို့ဟောင်းသည် အိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃၉၂၃ ဦးသာရှိသည့် ရွာ ငယ်တစ် ခုဖြစ်သော်လည်း ရှေးဟောင်း စေတီပုထိုးများ စုစည်း တည်ရှိနေသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ အနိမ့်မြို့ဟောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်ဟု ဆိုသည့် စေတီ၊ သမ္လူလ မိဖုရား တည်ခဲ့သည်ဟု ယူဆကြသည့် စေတီ၊ ရန်ကင်း၊ ရန်ရှင်း၊ ရန်အေး၊ ရန်ငြိမ်း၊ ရန်နိုင် စေတီများ၊ ညီနောင်သုံးဖော် ဘုရားတို့ကို ဖူးတွေ့ကြရသည်။ ထို့အတူ သုံးပန်လှ၊ သက်တော်စောင့်၊ သက်တော်ရ၊ သက်တော်ရှည်၊ ငွေဘုံသာ၊ ရွှေဘုံသာ၊ ကြံ့ဆင်း၊ ကြံ့တက်၊ ရွှေမြင်တင်၊ သိမ်ဘုရား၊ ခိုနန်းပြာသာဒ် အစရှိသည့် စေတီများကို  မြင်တွေ့ကြရသည်။ သုံးပန်လှ စေတီနှင့် စေတီ၀င်းအတွင်းရှိ ဂုဘုရားကြီးတို့သည် ပုဂံခေတ် လက်ရာများဖြစ်ကြကာ မြန်မာရာဇ၀င်ကျမ်းများတွင် အနိမ့်ကို ပုဂံခေတ်က တည်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။ အချို့သော စေတီများကို ဆေးသုတ်ကာ ပြုပြင်မွမ်းမံခဲ့ကြသဖြင့် မူလလက်ရာများ မကျန်ရှိတော့သဖြင့် ကျန်စေတီ များကို မိမိတို့ ဆန္ဒဖြင့် ပြုပြင်ခြင်း မလုပ်ရန် ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက မေတ္တာရပ်ခံထားကြောင်း သိရှိခဲ့ရပါသည်။ အနိမ့်မြို့ရှိ ရှေးဟောင်း စေတီပုထိုးများအနက် သမ္ဘူလ ဘုရား၊ အနိမ့်တောကျောင်းပိဋကတ်တိုက်အနီးရှိစေတီ၊ ခြင်္သေ့ဦး ဘုရားစု လေးဆူ၊ ယွန်းကျောင်း ဘုရားစု လေးဆူ၊ သုံးပန်လှ စေတီစု၊ ရွှေဂူထွတ် စေတီစု၊ ဗူးကုန်းစေတီ၊ နံရံဆေးပန်းချီများရှိသည့် လိုဏ်ဘုရားနှင့် တောကျောင်းကြီး ကျောက်စာရုံတို့ကို ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားပါသည်။