အမြင့်မြို့ဟောင်း

Listing Description

အမြင့်မြို့ဟောင်း (အမြင့်ရွာ)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ သမိုင်းဝင် ရွာတစ်ရွာဖြစ်သည်။ ချောင်းဦးမြို့မှ အနောက်ဘက် ခုနစ်မိုင်ခွဲအကွာ ချင်းတွင်းမြစ်ကမ်းပေါ်၌ တည်ရှိပါသည်။ မြို့ဂုဏ်ဆောင်များဖြစ်ကြသော သတင်းစာဆရာ အိုးဝေဦးညိုမြ (၁၉၁၄- ၁၉၈၅)၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့် သခင်လေးမောင်(၁၉၁၀- ၁၉၉၀)၊ အရီးတောင်း လက်ဖက်လုပ်ငန်းရှင် ဦးကျော်သိန်း (၁၉၂၄-)တို့၏ ဦးခေါင်း ပိုင်းရုပ်တုနှင့် ကိုယ်ရေးအကျဉ်း ကျောက်စာတိုင်သုံးခုကို အမြင့်မြို့တွင် ဖွင့်လှစ်ထားသည့် ညိုမြတို့ရွာ စာကြည့်တိုက်ရှေ့တွင် စိုက်ထူထားသည်။ အမြင့်သည် ရာဇဝင်ကျမ်းများအလိုအရ အမည်ငါးမျိုး တွင်သည့်ဒေသဖြစ်ကာ ပွင့်တော်မူခဲ့သည့် ဘုရားလေးဆူ လက်ထက်က ငမည်း၊ ငဆည်း၊ ကြံ့ကူး၊ ဥဇ္ဇေနီဟု ထင်ရှားခဲ့ပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် လက်ထက်တွင် "ဖူးမစဲ" အမည်ဖြင့် ထင်ရှားမည်ဟု ဆိုကြသည်။ ပုဂံဘုရင် ထီးလိုမင်းလိုနှင့် လောင်းရှည်မိဖုရားတို့ အပိုင်စားခဲ့ဖူးသည့် အမြင့်မြို့တွင် အင်းဝဘုရင်မင်းကြီး စွာစော်ကဲနှင့် ကုန်းဘောင်ခေတ်မြို့စား မင်းလက်ဝါးတို့သည်လည်း မြို့စားများ ဖြစ်ခဲ့ကြဖူးသည်။ အမြင့်သည် ချင်းတွင်းမြစ်ရိုးတစ်လျှောက် တောင်ဘက် လေးမိုင်အကွာရှိ အနိမ့်မြို့ဟောင်းနှင့် တွဲဖက်ထင်ရှားခဲ့ရာ အနိမ့်မြို့ဟောင်း (ယခု သုံးပန်လှရွာ) သည် ဆရာတော်ဦးဝိစာရ၏ ဇာတိမြေဖြစ်သည်။ မှန်နန်း ရာဇဝင်အလိုအရ အမြင့်သည် စစ်သည် ၈၀၀ ပြုမြို့ ဖြစ်ခဲ့ပြီး ကုန်းဘောင်ခေတ်တွင် စစ်သည် ၂၀၀ စုဆောင်းပေးရသည့်မြို့ ဖြစ်ခဲ့သည်ဟု ဆိုသည်။ အမြင့်ကို သက္ကရာဇ် ၂၂၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ကြကာ မြို့စတင်တည်ထောင်ခဲ့သည့် ခုနှစ်ကို "ကြာကြာရစ် အမြင့်"ဟု မှတ်သားခဲ့ကြသည်။ ပုဂံဘုရင် နရပတိစည်သူ (၁၁၆၅-၁၂၀၁) လက်ထက်တွင် အမြင့်မြို့ဟောင်းကျုံးကို ပြုပြင်မွမ်းမံခဲ့ရာ ထိုကျုံးကို အမြင့်သို့အဝင်၌ ယနေ့တိုင် မြင်တွေ့နိုင်ကြပေသည်။ အမြင့်မြို့ဟောင်း၏ အဝန်းအဝိုင်းအတွင်း၌ စေတီပုထိုး ၃၃၆ ဆူ၊ ဘုန်းကြီးကျောင်း ၁၁ ကျောင်းနှင့် ပုဂံ ခေတ်မှ ကုန်းဘောင်ခေတ်အထိ ရေးထိုးခဲ့သည့် ကျောက် စာ ၆၃ ချပ် တည်ရှိသည်။ အမြင့်မြို့ ဘုံစဉ်ကျောင်းဆရာတော် မှတ်စုတွင် အမြင့်မြို့ကို စေတီ ၁၀ ဆူ၊ နတ်ကြီး ကိုးပါး၊ ဂူ ကိုးလုံး၊ ကုန်း ကိုးကုန်း၊ အင်းကိုးအင်း၊ ရေဝင်ပေါက် ငါးပေါက်ဖြင့် တည်ထားခဲ့ကြောင်း ဖော်ပြထားသည်။ အမြင့်မြို့တည် စေတီ ၁၀ ဆူသည် အတွင်းဧသံ၊ အပြင်ဧသံ၊ အတွင်းစက်လုံ၊ အပြင်စက်လုံ၊ အတွင်းဥတိ၊ အပြင်ဥတိ၊ အတွင်းမြင်တင်၊ အပြင်မြင်တင်၊ အတွင်းရွှေဂူ၊ အပြင်ရွှေဂူတို့ဖြစ်၍ နတ်ကြီးကိုးပါးအနက် ဈေးမင်းခေါင်၊ သောတာပန်၊ ရွှေညောင်မကြီး၊ သူရာမကြီး၊ စပသင်နှင့် ပုန့်သင်ရုပ်တုများကို မြို့တံခါးပေါက်ခြောက်ခု၌ ထားရှိ၍ ကျန်နတ်ကြီးသုံးပါး ဖြစ်သည့် ပြည့်ဝသင်၊ တောက်ပသင်နှင့် အလှည့်ရှင်တို့ကို မြို့တွင်းကုန်း ကုန်းကျောင်းတွင် ထားရှိခဲ့သည်။ ဂူကိုးလုံးသည် နတ္တရရွှေဂူ၊ ဂူနက်၊ ဂူနီ၊ ဂူဖြူ၊ ဂူတုတ်၊ ဂူတော်ပြောက်၊ ဂူတော်သစ်၊ သေနဒီဂူနှင့် ဆင်ဂူတို့ ဖြစ်ကြ၍ ကုန်းကိုးကုန်းသည် လှော်ကားကုန်း၊ ငခဲကုန်း၊ ပွေးပင်ခရာကုန်း၊ ဘုံကုန်း၊ ကုလားကြီးကုန်း၊ သဖန်းကုန်း၊ တလိုင်းကုန်း၊ ဝယောက်ကုန်းနှင့် သစ်တစ်ပင်ကုန်းတို့ ဖြစ်သည်။ အင်းကိုးအင်းကို အမြင့်မြို့တွင်း မြို့၏ အရှေ့ ဘက်နှင့် တောင်ဘက်တို့တွင် တူးဖော်ခဲ့ရာ ရွှေကြာအင်း၊ ဝက်ချီးအင်း၊ အင်းပက်လက်၊ လှော်ကားအင်း၊ ခဝါသည်အင်း၊ ကျေးခေါင်အင်း၊ လေးသောင်းအင်း၊ ကံဆီးအင်းနှင့် ငခဲအင်းတို့ ဖြစ်ကြပြီး မြို့တွင်း ရေဝင်ပေါက် ငါးခုသည် ထိမ်ချိုင်ပေါက်၊ ပေါက်တောပေါက်၊ ရှင်သူငယ်ပေါက်၊ ငဆီကြည်ပေါက်နှင့် အရမ်းဝတာပေါက်တို့ ဖြစ်ကြသည်။ ထို့အတူ မြို့တံခါးပေါက် ၁၂ ပေါက်ရှိခဲ့သည်ဟု ဆိုကြကာ မြို့ဝင်ပေါက်တံခါးများကို စည်သာတံခါး၊ သုဒဿတံခါး၊ ဆင်ချတံခါး၊ မင်္ဂလာတံခါး၊ မသာတံခါး၊ အောင်သာတံခါး၊ မသိုးတံခါး၊ မညှိုးတံခါး၊ တက်တိုးတံခါး၊ က္ကံသာတံခါး၊ မင်းမတံခါးနှင့် သာစည်တံခါးဟု အမည်များပေးခဲ့သည်ဟု ဆိုသော်လည်း ယင်းတံခါးများကို မတွေ့ရှိရတော့ပါ။ အမြင့်မြို့ဟောင်းတွင် ရှေးဟောင်းဘုရား ၁၅၄ ဆူ ရှိပြီး မင်းရဲကျောင်းတိုက်အတွင်း ဘုရား ၄ ဆူနှင့် မင်းအိုချမ်းသာဘုရားစုအတွင်း ဘုရား ၂ ဆူတို့တွင် နံရံဆေးရေးပန်းချီများ လေ့လာနိုင်သည်။ အမြင့်မြို့ဟောင်းကို ၂၀၁၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်ခဲ့ပါသည်။