မံဘုရား

Listing Description

နရပတိစည်သူမင်းကြီး လှူဒါန်းပူဇော်ခဲ့သော သစ်သားအပိုင်းအစ၊ အမှုန်အမွှားများဖြင့် ပြုလုပ်ထားသည့် ဉာဏ်တော် သုံးတောင်မြင့်သော ရုပ်ပွားတော် မံဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် တည်ရှိပါသည်။ ယင်းမံဘုရားကို မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် မကွေးကျောင်းဆရာတော် ဦးပဏ္ဏာဝံ သည် အမြင့်မှ မိမိကျောင်းသို့ကြွလာစဉ် လမ်းရှိ ရွှေတွင်းအောင်းစေတီကို ဝင်ရောက်ဖူးမြော်ရာမှ တွေ့ရှိခဲ့သည်ဟု သိရပါသည်။ ယင်းစေတီ ဝင်းအတွင်း၌ တည်ရှိသည့် တွင်းကြီးကို အနော်ရထာမင်း စိတ်မျက်ခဲ့ချိန်က ကျန်စစ်သား ပုန်းအောင်းခဲ့သည့်နေရာ ဟု ယူဆကြသည်။ ဆရာတော် ဦးပဏ္ဏာဝံသည် ယင်းတွင်းထဲမှ ဉာဏ်တော် သုံးတောင်ရှိသည့် ဆင်းတုတော်တစ်ဆူကို တွေ့ရှိသဖြင့် ရွာသူရွာသားများ၏ အကူအညီဖြင့် တွင်းထဲမှ အပြင်သို့ ပင့်တင်ခဲ့ရာ ဆင်းတုတော်၏ အောက်ခြေ၌ "မံဘုရား၊ သက္ကရာဇ် ၅၃၆ ၊ ပုဂံ နရပတိစည်သူမင်းကြီး၏ ကောင်းမှု"ဟု ရေးထိုးထားသော ကမ္ပည်းစာကို တွေ့ရှိသဖြင့် မကွေးကျောင်းသို့ ပင့်ဆောင်ခဲ့ သည်။ နောက်တစ်နှစ်တွင် ဆင်းတုတော်ကြီး ခိုးယူခံရပြီး ရက်သတ္တပတ် သုံးပတ်အကြာတွင် ကိုးကျောင်း ဆရာတော် ဦးသီလက အမြင့်မြို့အနီးရှိ တောတန်းထဲမှ ပြန်လည်တွေ့ရှိခဲ့သည်။ ခိုးယူသွားသူများက ဆင်းတုတော်ရှိ ကျောက်မျက်ရတနာ များနှင့် ရွှေများကို ယူဆောင်သွားခဲ့သဖြင့် အမြင့်မြို့မှ ဦးဘိုးတုတ်နှင့် ဒေါ်ကြည်က မူလလက်ရာအတိုင်း ပြင်ဆင်မွမ်းမံခဲ့သည်။ နှစ်စဉ်သီတင်းကျွတ်လပြည့် မတိုင်မီ တစ်ရက်မှ လပြည့်ကျော် တစ်ရက်အထိ ဆင်းတုတော်ကြီးကို ကုန်းကျောင်းမှ မကွေးကျောင်းသို့ ယာယီပင့်ဆောင်၍ မံဘုရား ကြီး ပူဇော်ပွဲကို နှစ် ၉၀ ကျော်ကြာသည့်တိုင် ကျင်းပခဲ့ သည်။ သို့သော် ကုန်းကျောင်းအဆောက်အအုံ ယိုယွင်း ပျက်စီးလာသဖြင့် ပြန်လည်ပြုပြင်သည့်အချိန်တွင် မံဘုရား ဆင်းတုတော်ကြီးကို ရွှေကြိုးရာဇ်ဘုရား ဂန္ဓကုဋိတိုက်သို့ ပြောင်းရွှေ့ အပူဇော်ခံခဲ့သည်။ကုန်းကျောင်း တည်ဆောက် ပြီးချိန်တွင် ကုန်းကျောင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့သည်။