ကန်တော့ပလ္လင်ဘုရား

Listing Description

ကန်တော့ပလ္လင်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးအနီး မော်တော်ကားလမ်းဘေး၊ ပုဂံမြို့ရိုးအတွင်း တည်ရှိပြီး ပုဂံတွင်ကြီးမားသော ဂူဘုရားကြီးများထဲတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ စေတီတော်ကို နရပတိစည်သူမင်းက ခရစ်နှစ် ၁၂၀၃ ခုနှစ်တွင် တည်ခဲ့ပြီး အပြီးမသတ်ခင် နတ်ရွာစံခဲ့၍ သားတော် နားတောင်းများမင်း(ခေါ်) ထီးလိုမင်းလိုမင်းက ဆက်လက်တည်ထားခဲ့ရာ ၁၂၂၇ ခုနှစ် မတ်လ ၂၆ ရက်တွင် ပြီးစီးခဲ့သည်။ ယခင်က လိုဏ် ၃ ဆင့်ဘုရားဟု သိထားရာမှ ၁၉၇၅ ခုနှစ် ငလျင်ကြောင့် လျှို့ဝှက်လိုဏ်ပတ်လမ်းကို ထပ်မံတွေ့ရှိရာ လိုဏ် ၄ ဆင့်ဘုရားဟု သိရှိရပါသည်။ ကန်တော့ပလ္လင်ဘုရားကြီး အပေါ်ထပ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတု ၄ ဆူ၊ အောက်ထပ်တွင် ဆင်းတု ၁၀ ဆူရှိပါသည်။ အုတ်ခုံရင်ပြင်အရှေ့မြောက်ထောင့်တွင်ဂန္ဓကုဋိတိုက်အတွင်း၌ မူလပုဂံခေတ်လက်ရာ ထိုင်တော်မူ ကျောက်ဆင်းတုကြီးတစ်ဆူရှိပါသည်။ မူလက နံရံပန်းချီများ ရှိခဲ့သော်လည်း နှောင်းခေတ်လူတို့ ထုံးများသုတ်ကြသဖြင့် ထုံးများအောက်တွင် ရေးရေးမျှသာ မြင်ရပါတော့သည်။ ဘုရားကြီးတံတိုင်းဝင်းအတွင်း အရှေ့တောင်ထောင့်တွင် နှောင်းခေတ်တည် ရှစ်မျက်နှာဘုရားနှင့် ခေါင်းလောင်းတိုင်နှစ်တိုင်၊ အရှေ့မြောက်ထောင့်တွင် နှောင်းခေတ်တည် စေတီရိုးတစ်ဆူရှိပါသည်။ ကန်တော့ပလ္လင်ဘုရားကြီးသည် အုတ်ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ပေ ၁၈၀ မြင့်ပါသည်။ အရုဏ်ခံတန်ဆောင်းကို အရှေ့ဖက်သို့ မျက်နှာမူပြီး တည်ဆောက်ထားပါသည်။ ဤကန်တော့ပလ္လင်ဘုရားကြီးသည်လည်း ပုဂံခေတ်ဗိသုကာလက်ရာမွန်များအထဲတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး ကြောင်လိန်လှေကားထိပ်မှသွားရသော လျှို့ဝှက်လိုဏ်များနှင့် အဆန်းတကျယ် ပြုလုပ်ထားပါသည်။ ၎င်းပြင် အပေါ်ထပ်အောက်ထပ် ချင်မိတ်တိုးတန်းတစ်လျှောက်တွင် ချင်မိတ်တိုးတန်းကို ပင့်ခံထားသော အောက်ဆုံးဖောင်းလုံးတန်းပတ်လည်ကို သဲကျောက်များဖြင့်ခံကာ တည်ဆောက်ထားပါသည်။ ၁၉၇၅ ခုနှစ် ငလျင်လှုပ်သဖြင့် ဘုရားကြီးကွမ်းထောင်အတွင်းမှလည်းကောင်း၊ ဆင်းတုဦးခေါင်းတော်များ ပြုတ်ကျရာမှလည်းကောင်း ဌာပနာပေါင်းများစွာ ရရှိခဲ့ပါသည်။ ပုဂံပြတိုက်အတွင်း ပြသထားသော ကြေးဆင်းတုများ၊ ကြေးရုပ်များ၊ ပျူဒင်္ဂါးတို့မှာ ဤဂူဘုရားကြီးမှ ဖြစ်ပါသည်။ နောက်ပိုင်းတွင် ကျောက်အမျိုးမျိုးနှင့် ရွှေဆင်းတုငယ်နှစ်ဆူ၊ ရွှေစေတီငယ်နှစ်ဆူနှင့် အခြားသော ရုပ်တုဆင်းတုများကို ပြန်လည်ဌာပနာ၍ ပြုပြင်မွမ်းခဲ့ပါသည်။