မုနိရာမရုဏေမြို့ဦးပေါ်တော်မူရွှေစေတီ

Listing Description

မုနိရာမရုဏေမြို့ဦးပေါ်တော်မူရွှေစေတီသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၏ မြို့ကျက်သရေဆောင် စေတီတော်မြတ်ကြီး တစ်ဆူဖြစ်ပါသည်။ ကောဇာသက္ကရာဇ် ၁၁၀၀ ပြည့်နှစ် (အေဒီ ၁၇၄၁) ခုနှစ်ခန့်တွင် မွန်မင်းများ မြစ်ဝကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့နေထိုင်စဉ် ၎င်းတို့ခရီးသွားလာရာ လမ်းတစ်လျှောက်၌ တည်ထားကိုးကွယ်သော စေတီများစွာရှိခဲ့ပါသည်။ မအူပင်မြို့၏ အနောက်တောင်ဘက် သူဌေးကုန်းကျေးရွာအုပ်စုတွင် သစ်ပင်ချုံနွယ်တို့ဖြင့် ရစ်ပတ်ဖုံးလွှမ်းနေသော ခေါင်းလောင်းပုံစေတီဟောင်း စေတီတော်ပျက်တစ်ဆူအဖြစ် တွေ့ရှိခဲ့ကြသည်။ သက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ထိုစေတီပျက်အားငုံ၍ စေတီတော်သစ်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြပြီး ယင်းစေတီတော်ကို "ပေါ်တော်မူဘုရား" ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ကြပါသည်။ ကောဇာသက္ကရာဇ် ၁၂၅၈ ခုနှစ်တွင် စေတီတော်အား ဉာဏ်တော်အမြင့် ၅၆၄ ပေ၊ လုံးပတ်တော် ၅၆ ပေ၊ အောက်ခြေဖိနပ်တော် ၁၂၀ ပေ၊ ရင်ပြင်အကျယ် ၃၀၀ ပေ တိုးချဲ့၍ တည်ထားခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် မြစ်ရေတိုက်စားမှုကြောင့် စေတီတော်၏ မြစ်ကမ်းတံတိုင်းကြီးပြိုကျသွားပြီး စေတီတော်သည်လည်း ပြိုကျပျက်စီးခဲ့ပါသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် သုံးဆယ်မင်းကျောင်းဆရာတော်ကြီး၏ ကျောင်းမျက်နှာစာရှိ ကုန်းမြေပေါ်တွင် စေတီတော်အား အသစ်တစ်ဖန် စတင်တည်ထားခဲ့ကြပြီး မူလစေတီမှ စိန်ဖူးတော်နှင့် သတ္တဌာနကို ကျိုက်ထီးဆောင်းဆရာတော်ကြီး ဦးဆောင်၍ ဌာပနာတိုက်တွင်း ဌာပနာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စေတီတော်ကြီး တည်ဆောက်ပြီးစီးခဲ့ပြီး စေတီတော်၏ ဘွဲ့အမည်ကို "မုနိရာမရုဏေ မြို့ဦးပေါ်တော်မူရွှေစေတီ" ဟု ဆက်ကပ်ပူဇော်ခဲ့ကြပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၆၃ ပေ၊ လုံးပတ်တော်၏ အောက်ခြေ ၃၂၄ ပေ၊ ထီးတော် ဘုံခုနှစ်ဆင့်၊ ပထမဘုံထီးတော်ထိပ်ဝ ၃ ပေ ၉ လက်မ၊ ထီးတော်အမြင့် ၇ ပေ ၆ လက်မရှိပါသည်။