ခြေရာတော်စေတီ

Listing Description

ခြေရာတော်စေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း တည်ရှိပါသည်။ ဘုရားစောင်းတန်းမှဝင်သွားလျှင် ဉာဏ်တော်ကိုးတောင် ကြေးချိန် ၆၀၀ ရှိသော ဆင်းတုတော်မြတ်နှင့် ဟန်ခေတ်လက်ရာ ကျောက်ဆင်းတုတော်တို့ကို ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ စေတီတော်၏ ပရိဝုဏ်အတွင်း စိုက်ထူးထားသော ကဗ္မည်းကျောက်စာအရ သာသနာနှစ် ၂၁၇ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် မြတ်စွာဘုရား၏ ဆံတော်၊ သွားတော်၊ သရီရဓာတ်တော်များဖြင့် ဌာပနာ၍ သီရိမုဋ္ဌောစေတီတော်ကို တည်ထားခဲ့သည်။ ထိုစေတီ၏ ဝန်းကျင်တောကို နာဂသရတောဟုခေါ်၍ ထိုတောကိုအမှီပြုပြီး နာဂသရမုဆိုးကြီးနေထိုင်သည်။ ထိုအချိန်က အဓိကရထင်ရှားသော သုမေဓာရဟန္တာအရှင်မြတ်ကြီးသည် နာဂသရမုဆိုးကြီးကျွတ်ချိန်ကို ဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူ၍ ၇ ရက်တိတိ တရားဟောကြားခဲ့ပြီး မုဆိုး၏လျှောက်ထားတောင်းဆိုမှုအရ ခြေရာတော်အစုံကို ကိုးကွယ်ရန် ကျောက်တုံးထက်တွင် ချတော်မူခဲ့သည်။ တကောင်းခေတ်တွင် သီရိနန္ဒာမင်းသား အကျဉ်းချခံရစဉ် မိဖုရားစန္ဒာဒေဝီသည် မထင်ရှားသောအသွင်ဖြင့် ပြေးလာခဲ့ရာ နာဂသရတော၌ မုဆိုးကြီးကိုးကွယ်သော သဲပုံစေတီနှင့်ခြေရာတော်ကျောက်တုံးကိုတွေ့၍ ကိုးကွယ်တော်မူပြီး  မောင်တော်အချုပ်အနှောင်မှလွတ်ရန် နေ့စဉ်ဆုတောင်းမှုပြုရာ မောင်တော်လွတ်လာပြီး သီရီမုဋ္ဌောစေတီတော်အနီး လှည်းကျိုးမြေခရာ မင်းမိဖုရားဗိုလ်ပါများစွာ ပင့်မရသော် ဤနေရာတွင် ကိန်းဝပ်တော်မူမှန်ပါက တပည့်တော်မပင့်လျှင် ကြွချီတော်မူပါဟု အဓိဋ္ဌာန်၍ပင့်ကာ ထိုသီရိမုဋ္ဌောစေတီတော်ကို မုဒ်တော်ပြုလုပ်ပြီး မုဒ်တွင်ပူဇော်နိုင်ရန် သီရိနန္ဒာမင်း မိဖုရားတို့ ပထမအကြိမ် ပြုပြင်တော်မူ၏။ သာသနာတော် သက္ကရာဇ် ၅၉၇ ခုနှစ် ပုဂံသာသနာထွန်းပစဉ် ပုဂံကျစွာမင်းကြီးသည် ဉာဏ်တော်သံတောင် ၃၇တောင် တစ်မိုက်ခံ မူလစေတီကိုငုံ၍ ဒုတိယအကြိမ်ပြုပြင်တော်မူသည်။ ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် ကျိုက်လတ်ဆရာတော်ဦးသောမ ဦးစာရိန္ဒ နှစ်ဆောင်ပြိုင်ဆရာတော် ဦးထေဇောတို့ကြီးမှူး နာယကပြုလုပ်၍ ရွာသူကြီးဦးဖိုးသုန် ဦးထွန်းညွန့် ဦးဘိုးမြင့် ဦးပြား ဦးညို(နဘဲလှ) ဦးဘိုးခင်(နဘဲလှ) ဦးဘသိန်း (ကျောင်းဆရာ) တို့က စေတီတော်ကြီးတတိယအကြိမ်ပြုပြင်ရန် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၂ ရက် သောကြာနေ့တွင် ရွှေပန္နက် ငွေပန္နက်တို့ဖြင့် ပန္နက်ချမင်္ဂလာဆင်ယင်ခဲ့ပြီး ၁၂၈၂ ခှနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် အုတ်မြစ်ချပွဲကျင်းပခဲ့သည်။ ၁၂၈၃ခုနှစ်တွင် ပါးကြီးဆရာတော်ဦးကုသလ မိမိဒေသ အရာတော်ကိုကြွလာပြီး ဘုရားကြီးအတွက် အုတ် ၁၀ ဖိုလှူဒါန်းခဲ့သည်။ ၁၂၈၅ ခုနှစ်တွင် ဘေးမဲ့ဆရာတော်ကြီး မိမိဒေသကိုကြွလာပြီး ဘုရားကြီးအားဋ္ဌာပနာရန် ဓာတ်တော်များလှူဒါန်းခဲ့သည်။ ၁၂၉၂ ခုနှစ်တွင် ဋ္ဌာပနာတိုက်ပိတ်ပွဲကျင်းပခဲ့သည်။ ၁၂၉၅ ခုနှစ်တွင် စေတီတော်ကြီးမှာ ဖိနပ်တော်အမြင့် ၄၂ တောင် ဉာဏ်တော်အမြင့် ၆၄ တောင် ၂ မိုက်ဖြင့် တတိယအကြိမ် တင့်တင့်တယ်တယ်ပြုပြင်ပြီးစီး၍ ထိုနှစ်တွင် ရွှေထီးတော်ဒါယကာ ဦးဘိုးမြင့်၊ ဒါယိကာမ ဒေါ်စောခင် မိသားစုတို့က ထီးတော်တင်ပွဲနှင့် ဂဇက်ဝင်ဘုရားပွဲစတင်ကျင်းပခဲ့သည်။ ၁၃၄၃ ခုနှစ် ဆရာကြီးဦးချစ်ဦး အကျိုးတော်ဆောင်ဦးထွန်းလှိုင်ပါ မန္တလေးမျက်မှန်ပညာရှင်များက ရွှေရတုထီးတော်တင်ပွဲတွင် စလင်းအစစ်ဖြင့်ပြုလုပ်ထားသော ပင်မစိန်ဖူးတော်တစ်ဆူ အရံစိန်ဖူးတော် ၈ ဆူဖြင့် ထပ်မံပူဇော်ခဲ့ကြသည်။ ဂေဇက်ဝင် ဤခြေရာတော်မြတ်စွာဘုရားကြီး၏ ရောင်တော်ပွင့် ပွဲတော်ကို နှစ်စဉ် ဝါဆိုလတစ်ပွဲ သီတင်းကျွတ်လတစ်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပပူဇော်ကြပါသည်။ ရဟန္တာသုမေဓာမှ နာဂသရမုဆိုးအား ကိုးကွယ်ရန်အလို့ငှာ ချန်ရစ်သော ခြေရာတော်ကျောက်တုံးသည် အလျားအနံ နှစ်ပေခန့်ကျယ်ဝန်းသည်။ ခြေရာတော်အတိုင်းအတာမှာ ဝဲယာနှစ်ဖက်စလုံး အလျား ၁၃လက်မခွဲ၊ အနံ ၆လက်မခွဲ၊ ဖနောင့်တော် ၄လက်မခွဲ ရှိသည်။ ခြေရာတော်ဘုရားပရိဝုဏ်အတွင်း၌ မှန်သေတ္တာဖြင့် ရွှေချပူဇော်ထားပါသည်။