အပရာဇိတဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုင်းဝိုင်းဘုရားလမ်းရှိ အပရာဇိတဆံတော်ရှင်ကျိုက်ဝိုင်း စေတီတော်မြတ်ကြီးသည် ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်၏ သမိုင်းရာဇဝင်အရ မြတ်စွာဘုရားရှင်နှင့် မဟေသနတ်မင်း ကိုယ်ဝှက်တမ်း တန်ခိုးပြိုင်ကြရာ နေရာတွင် ဘုရားရှင်၏ ဆံတော်မြတ်တစ်ဆူကို ဌာပနာ၍ စေတီတည်ထားပြီး မွန်ဘာသာအရ ကျိုက်အဝိုင်အွတ် မြန်မာအဓိပ္ပာယ် ပုန်းတမ်းကစားရာဌာနမှဘုရား ဟုအဓိပ္ပာယ်ရပါသည်။ နောက်ပိုင်းတွင် ကျိုက်အဝိုင်အွတ်မှ ကျိုက်ဝိုင်းဟူ၍ ဖြစ်လာပါသည်။ သက္ကရာဇ် ၁၂၂၅ ခုနှစ် တပို့တွဲလကွယ်နေ့တွင် ဘိုးသူတော် ဦးကာယမှ စေတီတော်ကြီးကို ပြန်လည်ပြုပြင်ခဲ့သည်။ သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် မင်္ဂလာဒုံတိုက်သူကြီးမင်း ဦးသာပိုးနှင့် အများပြည်သူများကောင်းမှုဖြင့် စေတီတော်ကြီးအား ပြုပြင်မွမ်းမံခဲ့ပါသည်။ ၁၃၀၁ ခုနှစ် ကဆုန်လတွင် ရန်ကုန်မြို့၊ လသာလမ်းရှိ ဒါယိကာမကြီး ဒေါ်သင်း၊ သားသူဌေးကေဘကြီးနှင့် သားသမီးတစ်စုတို့မှ ထီးတော်သစ်တင်လှူ ပူဇော်ခဲ့ပါသည်။ ခေတ်အဆက်ဆက် အလှူရှင်များ၏ မွမ်းမံပြုပြင်မှုများကြောင့် စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း သာသနိကအဆောက်အဦးများဖြင့် စည်ပင်လျက်ရှိပါသည်။