ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး

Listing Description

ဖျာပုံမြို့၊ (၁၁) ရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ သာစည်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၈၇ ခုနှစ်)တွင် သာစည်ရွာမှ အလှူရှင် ဦးလူငယ်နှင့် ဦးညှင်းတို့မှ ဦးဆောင်၍ အများကောင်းမှုဖြင့် တည်ထား ကိုးကွယ်ခဲ့ကြပါသည်။ ဘုရားကြီး၏ ဉာဏ်တော်မှာ ဦးသျှောင်တော်မှ စမ္မခဏ်ထိ ၃၀ ပေ၊ ၆ လက်မ၊ စမ္မခဏ်မှ ပလ္လင်ခြေထိ ၅ပေ၊ ၆လက်မ၊ စုစုပေါင်း ၃၆ ပေရှိပါသည်။ ယခင် ဖျာပုံရွာနှင့် တစ်ဆက်တည်းဖြစ်သော သာစည်ရွာတွင် တည်ထားကိုးကွယ်သောကြောင့် သာစည်ဘုရားဟု ဘွဲ့တော်တွင်ခဲ့ပါသည်။ ယခင် ဖျာပုံရွာ၊ သာစည်ရွာတို့ စုပေါင်း၍ ယခုအခါ ဖျာပုံမြို့အဖြစ် ဖြစ်တည်လျက်ရှိပါသည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့၌ တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းအပြီးတွင် ဘုရားကြီး၏ တန်ဆောင်းတော်ကြီး ပျက်စီးခဲ့ရပါသည်။ ၂၀၀၉ ခုနှစ်တွင် ဒေါက်တာအရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည် ဆရာတော်)က တန်ဆောင်းတော် အသစ် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။