သိမ်မဟာစေတီ

Listing Description

သိမ်မဟာစေတီတော်သည် ကချင်ပြည် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်ကျောင်းတိုက်အတွင်း တည်ရှိပါသည်။ စိတ္တရာဇာမင်းကြီးနှင့် သားတော် ဝိလာသတို့သည် သီရိဓမ္မာသောကမင်းကြီးထံမှ ဝေစုရသော ဓာတ်တော် ၄ ဆူဖြင့် စေတီတော် ၄ ဆူတည်ထားခဲ့ရာ ရွှေစေတီ (ခ) သိမ်မဟာစေတီကို မန်မော် (ယခုအခေါ် ဗန်းမော်မြို့)တွင် တည်ထားခဲ့သည်ဟု မှတ်သားရပါသည်။ ရွှေစေတီဆိုသည်မှာလည်း စေတီတော်တည်စက ရွှေသင်္ကန်းမွမ်းမံထားခြင်းကို အစွဲပြု၍ ရွှေစေတီဟုအမည်တွင်ရာမှ ယခုအခါ စေတီတော်အနီး သိမ်တော်ကြီး ဖြစ်ပေါ်လာသဖြင့် သိမ်တော်ကြီး(သို့မဟုတ်) သိမ်မဟာစေတီတော်ဟု ခေါ်ဝေါ်ကြပါသည်။ ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက်တွင် နေမျိုးမင်းလှဘွဲ့ခံ ဦးကံသည် ဗန်းမော်စော်ဘွားအဖြစ်သို့ရောက်သောအခါ ကောဇာသက္ကရာဇ် ၁၁၅၆ (အေဒီ ၁၇၉၄)ခုနှစ်၌ မူလရွှေစေတီကို ငုံ၍ သိမ်တော်ကြီး ခေါ် သိမ်မဟာစေတီတော်ကို တည်ထားခဲ့ပါသည်။ စေတီတော် ၏ တည်ဆောက်ပုံမှာ မြန်မာမှုခေါင်းလောင်းပုံစံမဟုတ်ဘဲ ဦးကံမှ ၎င်းရောက်ခဲ့ဖူးသော တရုတ်ပြည် ပီကင်းမြို့ရှိ တရုတ်ခေါင်းလောင်းကြီးပုံသဏ္ဍာန်ကို စေတီတော်၏ ခေါင်းလောင်းနေရာတွင် ထည့်သွင်းတည်စေသောကြောင့် သိမ်မဟာစေတီတော်ကြီး၏ ပုံသဏ္ဌာန်မှာ တစ်မျိုးခြားနားပါသည်။ ၁၃၀၅ ခုနှစ် ဝါခေါင်လပြည့်ကျော် ၉ ရက်နေ့တွင် မဟာမိတ်တို့၏ ဗုံးဒဏ်ကြောင့် စေတီတော်ကြီးသည် ထီးတော်မှ ခေါင်းလောင်းပုံအထိ ပြိုကျပျက်စီးခဲ့သည်။ ကောဇာသက္ကရာဇ် ၁၃၀၉ (အေဒီ - ၁၉၄၇) ခုနှစ်တွင် ဆရာတော်ကြီး ဦးဝါသဝ၊ ကျောင်းအမကြီး ဖော့ဖော့ရီ၊ ကျောင်းဒကာ ဆရာဝန်ကြီး ဦးကြည်လင့်တို့၏ ဦးဆောင်မှုဖြင့် ပြည်သူပြည်သားအများကောင်းမှုဖြင့် ဗုံးဒဏ်ကြောင့် ပျက်စီးနေသော စေတီတော်ကြီးကို ဘိနပ်တော်အထိဖျက်ပြီး မူလဘိနပ်တော်အပြင်ဘက် ၇ ပေတိုးချဲ့၍ အသစ်ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့မှ လပြည့်ကျော် ၁၂ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော်ကြပါသည်။