ရတနာသင်းကျစ်စေတီတော်

Listing Description

ရတနာသင်းကျစ်စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ထီးသုံးဆင့်ဘုရားကြီးအနောက်ဘက်၊ မိတ္ထီလာ-မြင်းခြံကားလမ်းဘေးတွင် တည်ရှိပါသည်။ ရတနာသင်းကျစ်စေတီတော်အား ဘိုးတော်ဘုရား(ဗဒုံမင်း)က ၁၇၉၆ ခုနှစ်တွင် မိတ္ထီလာကန်ကို ပြုပြင်စဉ် ဗဒုံမင်း၏သားတော် စစ်ကိုင်းမင်းသားမှ တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်တည်ရာတွင် ကျောက်ချပ်ရေ ၂၇၄၆ ချပ်ဖြင့် တည်ထားပြီး ၂၁၈၆ ချပ်ကို အခင်းပြုလုပ်ခဲ့သည်ဟု ကျောက်စာအရသိရပါသည်။ ဌာပနာတိုက်ကို ဖိနပ်တော်၏အောက် ၁၉ တောင်အစောက်တွင် တိုက်ခန်းပြုလုပ်ကာ ပဲနောက်စေ့ပမာဏရှိ သရီရဓာတ်တော်များ၊ ပဋိစ္စသမုပ္ပဒ်ရေးထိုးထားသောငွေပြား၊ မကိုဋ်တော်နှင့် ငွေဆင်းတုတော် ၂၅ ဆူတို့အား ဌာပနာထားသည်ဟုဆိုပါသည်။ ရတနာသင်းကျစ်စေတီတော်သည် ကိုလိုနီခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးခဲ့ရာ မြေညီအဆင့်တွင် အုတ်ချပ်အချို့သာ ကျန်ရှိတော့သည်အထိ ပြိုကျပျက်စီးခဲ့ရပါသည်။ စေတီတော်၏ ကျောက်စာမှာလည်း လေးပုံတစ်ပုံခန့်ကျိုးပဲ့နေပြီး မိတ္ထီလာမြို့နေ ဦးဘရင်မှ ၁၉၅၃ ခုနှစ်တွင် ရန်အောင်မြင်ဘုရားဝန်းအတွင်းသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် အများပြည်သူကောင်းမှုဖြင့် ယခုလက်ရှိ ဖူးမြော်မြင်တွေ့ရသော ရတနာသင်းကျစ်စေတီတော်အသစ်ကို တည်ထားကိုးကွယ်ခဲ့ပြီး မူလတွေ့ရှိရသော ကျောက်စာကို စေတီတော်၏ ပရဝုဏ်အတွင်းပင် စိုက်ထူထားရှိထားပါသည်။