သီပေါမြို့တည်ဆီအိုးကြီးလေးလုံး

Listing Description

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ရှိ အထင်ကရနေရာများဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၈၈၈ ခုနှစ်တွင် အုန်းဘောင်စော်ဘွားဆက် (၈၅) ဆက်မြောက် စော်ဘွားကြီး စောကြာခိုင်သည် မြို့တည်စဉ်အခါက မြို့သူ/မြို့သား၊ နယ်သူ/နယ်သားများ အေးချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ မြို့ထောင့်လေးထောင့်တွင် အစီအမံများပြုလုပ်ကာ ဆီအိုးကြီးလေးလုံးကို မြှုပ်နှံခဲ့သည်။ မြို့၏ထောင့်လေးထောင့်ဖြစ်သော အရှေ့မြောက်ထောင့် ရွှေညောင်ပင်၊ အရှေ့တောင်ထောင့်ရှိ ယခု အကောက်ခွန်ဦးစီးဌာနရုံးဝင်း၊ အနောက်တောင်ထောင့်ရှိ အုတ်ကျင်းရပ်နှင့် အနောက်မြောက်‌ထောင့်ရှိ မြန်မာရပ် ဧည့်ရိပ်သာနေရာတို့၌ ကွမ်းစီမင်္ဂလာဦးရေတိုင် လေးတိုင်ကို စိုက်ထူ၍ ဆီအပြည့်ထည့်ထားသော ဆီအိုးကြီး လေးလုံးကို တစ်လုံးနှင့် တစ်လုံးတာ၂၅၀ ခြားကာ မြှုပ်နှံခဲ့သည်။ စော်ဘွားကြီးသည် မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကြီးထံမှောက် ကြီးပြင်းခဲ့ပြီး မိမိစော်ဘွား ဖြစ်လာချိန်တွင် အုန်းဘောင်သီပေါမြို့သစ်အား မန္တလေးမြို့ပုံစံကိုယူ၍ တည်ဆောက်ခဲ့ပြီး မန္တလေးမြို့ကို တည်ထားခဲ့စဉ်က မြို့လေးထောင့်၌ ဆီအိုးကြီးများမြှုပ်နှံခဲ့သည့်နည်းတူ အုန်းဘောင် သီပေါမြို့သစ်ကို တည်ထောင်ချိန်တွင် ဆီအိုးများမြှုပ်နှံခဲ့သည်။ ရွှေညောင်ပင်ရပ်မှ ဆီအိုးမှာမူ မြှုပ်နှံခဲ့သည့်နေရာတွင် မရှိတော့သဖြင့် ဒုဋ္ဌဝတီမြစ်ရေ တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ဟန်ရှိကြောင်း ယူဆခဲ့ကြသည်။ ယင်းဆီအိုးများကို နှမ်းဆီစစ်စစ်များ အပြည့်ဖြည့်သွင်းကာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် မူလနေရာအသီးသီး၌ ပြန်လည်မြှုပ်နှံခဲ့သည်။ ရွှေညောင်ပင်အရပ်တွင် မူလဆီအိုးကို မတွေ့ရှိရတော့သဖြင့် အိုးအသစ်တွင် ဆီအပြည့်ဖြည့်ကာ ပြန်လည်မြှုပ်နှံခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဆီအိုးကြီးများ မြှုပ်နှံထားသည့်နေရာကို ခြံစည်းရိုးများကာရံ၍ ကြွေပြားများခင်းကာ မှတ်တမ်းတိုင်များစိုက်ထူပြီး သမိုင်းကြောင်းဆိုင်ရာ အချက်အလက်အကျဉ်းကို ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားဖော်ပြထားရှိပါသည်။