ရေမွန် (၁၉၈၈ - ၂၀၂၁)

Listing Description

အဆိုတော်ရေမွန်ကို တေးရေးတေးဆို စောခူဆဲနှင့် အဆိုတော် ခင်မြတ်မွန်တို့မှ ၁၉၈၈ ခုနှစ်၌ ရန်ကုန်မြို့တွင် မွေးသည်။ အမည်ရင်း ဝေမွန်ဦး ဖြစ်ပြီး ငယ်အမည်မှာ တွတ်ပီဖြစ်သည်။ မွေးချင်းညီမ တစ်ယောက်ရှိသည်။ ညီမဖြစ်သူမှာ အဆိုတော် လပြည့်ကဗျာ ဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွာရှင်းကြပြီး ရေမွန်ကို မိခင်က စောင့်ရှောက်သည်။ အ.ထ.က (၁) ဒဂုံ၌ အထက်တန်းအောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။

အထက်တန်းဖြေဆိုပြီးနောက် ယခင်ကပင် အစပျိုးရင်းဖြစ်သော အီးဒီးရော့တ်စ် (Idiots) အမည်ရှိ ရော့ခ်ဂီတဝိုင်းကို အောင်ရဲ၊ ဖိုးလုံး၊ ကျော်ခိုင်တို့နှင့်အတူ တည်ထောင်ခဲ့သည်။

အက်ဆိုင်အာ ရော့ခ်ဟောက်စ် (SIR Rock House) အမည်အောက်တွင် အီးဒီးရော့တ်စ်၊ ရီဇင်န် (Reason)၊ ဝမ့်တက်ဒ် (Wanted)၊ ဘစ်ဂ်ဘက်ဂ်ဟူသော ရော့ခ်အနွယ်ဝင် ဂီတဝိုင်းများ ပေါင်းကာ ရှိုးပွဲများ၊ သီချင်းခွေများ ထုတ်ခဲ့သည်။ အီးဒီးရော့တ်စ်အဖွဲ့အမည်အောက်တွင် လူအဂီတ (၂၀၁၁)၊ ခေ​တ်သစ်ကျောက် (၂၀၁၆) တေးစီးရီးများ ထုတ်သည်။ ဘာလို နေသေးလဲ၊ ချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ချစ်သူ သီချင်းများမှာ အထူးထင်ရှားသည်။

၂၀၂၁ ခုနှစ်၊ဇွန်လ ၂၃ ရက်နေ့မနက်တွင် အစာအိမ်သွေးကြောပေါက်ကာ ရုတ်တရက်ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာရှိသေးသည်။