ပိုးအိအိခန့်

Listing Description

၁၉၉၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် အဖ ဦးသိန်းလွင်နှင့် အမိ ဒေါ်မိုးမိုးသိန်းတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဖြစ်ပြီး အကိုတစ်ယောက်ရှိသည်။ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့သစ်တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အဝေးသင်ပညာရေးဖြင့် ဥပဒေပညာကို သင်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် LLB (ဥပဒေ) ဘွဲရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ Master of Law (LLM) ဘွဲ့ရရှိခဲ့သည်။  

၂၀၁၃ ခုနှစ်တွင် “အိမ်မက်ဆုံရာ” သီချင်းဆိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့သည်။ ထို့နောက် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး၂၀၁၅ ခုနှစ်တွင် “အိုအေးအေးအို” ဇာတ်ကား၌ သရုပ်ဆောင် လူမင်းနှင့်အတူ ပွဲဦးထွက်ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒုတိယမြောက်ဇာတ်ကားဖြစ်သော “မြေသင်းနံ့” ဇာတ်ကားတွင် သရုပ်ဆောင် မြင့်မြတ်နှင့်တွဲဖက်၍ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “အယူတော်မင်္ဂလာ” ရုပ်ရှင်ဇာတ်ကားကြီး၌ မြင့်မြတ်၊ နန်းစုဦးတို့နှင့်အတူ ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “တုနှိုင်းမရတဲ့မေတ္တာ” ရုပ်သံဇာတ်လမ်းတွဲ၌ နေဒွေး၊ ခိုင်နှင်းဝေတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်ကား ၆ ကားတွင် ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ဘောလုံးသမား အောင်သူနှင့် လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သား မောင်သွင်ဦးဟန်ကို မွေးဖွားခဲ့သည်။