ဦးတင်ထွေး (၁၉၃၄-၁၉၉၃)

Listing Description

သတင်းစာဆရာ စာရေးဆရာ ဦးတင်ထွေးကို အဖ ဦးလှရှိန်၊ အမိ ဒေါ်ဖွားမှီတို့မှ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း ၄ ယောက် ရှိသည့်အနက် အငယ်ဆုံးသား ဖြစ်သည်။

ငယ်စဉ်က မြို့မကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် ဥပစာ (ခ) တန်းအထိ ပညာဆက်လက်သင်ကြား၍ ၁၉၅၇ ခုနှစ်ခန့်မှစ၍ စာပေလောကထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။ ကြေးမုံသတင်းစာ ပုဂ္ဂလိကပိုင်အဖြစ် ရှိစဉ် ၁၉၅၇ ခုနှစ်မှပင် အယ်ဒီတာအဖွဲ့ဝင် အဖြစ် စတင် အမှုထမ်း၍ သတင်းစာ လောကထဲသို့ ရောက်ရှိလာခဲ့သည်။ ၁၉၅၇ - ၅၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းနှင့် သတင်းစာဆရာအသင်းတို့ ပူးပေါင်းတည်ထောင်သော မြန်မာနိုင်ငံ သတင်းစာပညာ အတတ်သင်ကျောင်းကို တက်ရောက်ခဲ့ပြီး သတင်းစာပညာ ဒီပလိုမာကို ရယူခဲ့သည်။

၁၉၆၄ ခုနှစ်၊ တော်လှန်ရေး အစိုးရလက်ထက် ကြေးမုံသတင်းစာ ပြည်သူပိုင် သိမ်းပြီးနောက် ကြေးမုံသတင်းစာတိုက်တွင် ဆက်လက် အမှုထမ်းခဲ့သည်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် မြန်မာ့အလင်းသတင်းစာ ဒုတိယ အယ်ဒီတာချုပ် အဖြစ်သို့ လည်းကောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၃ ရက်တွင် မန္တလေးမြို့ ဟံသာဝတီ သတင်းစာ ဒုတိယအယ်ဒီတာချုပ် အဖြစ်သို့လည်းကောင်း၊ ၁၉၇၇ ခုနှစ်၊ အောက်တိုဘာလတွင် ကြေးမုံသတင်းစာ ဒုတိယအယ်ဒီတာချုပ် အဖြစ်သို့ လည်းကောင်း ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈ဝ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်မူ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း၏ ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) အဖြစ် တာဝန်ပေး ခန့်ထားခြင်း ခံခဲ့ရသည်။ ၁၉၈၄ ခုနှစ်၊ ဧပြီလ ၂ဝ ရက်တွင် ဒုတိယအယ်ဒီတာချုပ် (ကြေးမုံ) အဖြစ် ပြန်လည် တာဝန် ယူခဲ့ရသည်။ ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်မူ သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူး (စီမံ) အဖြစ် တိုးမြှင့် ခန့်ထားခြင်းခံရပြီး ထိုရာထူးတွင် ကွယ်လွန်ချိန်အထိ တာဝန် ထမ်းဆောင် သွားခဲ့သည်။

သတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တဖက်မှလည်း ကလောင်အမည် တင်ထွေးဖြင့် မဂ္ဂဇင်း၊ စာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန် ဝတ္ထုများ၊ ဆောင်းပါး များစွာကို ရေးသားခဲ့သည်။ ထို့ပြင် ကလောင်အမည် တင်ထွေးဖြင့်ပင် လုံးချင်းဝတ္ထုစာအုပ်များနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ခန့် ရေးထားခဲ့သည်။

စာရေးသူ၏ ဘာသာပြန် စာအုပ်များ အနက် ဗမာ၊ အမေရိကန် ကိုရုပ်ဆိုး၊ လေဆိပ်၊ ဟိုတယ်၊ အော်စကာ စသော ဘာသာပြန်စာအုပ်များမှာ လူကြိုက်များသည်။ ရန်ကုန်တက္ကသိုလ်၊ ဒေသကောလိပ်များတွင် Mass Media သင်တန်းများ ဖွင့်လှစ်သောအခါတွင်လည်း တင်ရောက် သင်ကြား ပို့ချခဲ့သည်။

သတင်းစာဆရာအဖြစ် အမှုထမ်းစဉ် ၁၉၆၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ၁၉၇၃ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၊ ၁၉၈၈ ခုနှစ်တွင် ဆွီဒင်နိုင်ငံနှင့် ၁၉၉ဝ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့သို့ သတင်းစာဆရာ ချစ်ကြည်ရေး ခရီးများ၊ ဌာနဆိုင်ရာတာဝန်များအရ သွားရောက်ခဲ့ရသည်။ ၁၉၇၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှ နိုဝင်ဘာလ ရ ရက် အထိ အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ် တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သော သတင်းစာပညာ သင်တန်းသို့ တက်ရောက် သင်ကြားခဲ့သည်။

ဇနီးဖြစ်သူ ဒေါ်မေရီနှင့် ၁၉၅၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ကွယ်လွန်ချိန် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးနှင့် သား ၂ ဦး ကျန်ရစ်သည်။

ရေးသား ထုတ်ဝေ ခဲ့ပြီးသော စာအုပ်များ စာရင်း

၁။ ဦးပုည စာပန်းကုံးများ (ပထမတွဲ)

၂။ ဦးပုည စာပန်းကုံးများ (ဒုတိယတွဲ)

၃။ မပြိုသည့်မိုး

၄။ ရွှေပင်လယ် ဆီးသည်သို့

၅။ ဟန်မြစ် ပြောသည့် ချစ်ပုံပြင်

၆။ မိုးမြင့်မြင့်ထွား

၇။ ချစ်သူပျူငှာ မပြသာ

၈။ မွန်တပွင့် ရွှေစာပွင့်

၉။ အလောင်းမင်းတရား ဦးအောင်ဇေယျ

၁၀။ ဗမာ (The Burmarly Shway Yoe)

၁၁။ အမေရိကန် စီအိုင်အေ သူလျှိုအဖွဲ့ကြီး အတွင်းရေးများ

၁၂။ နလပိန်းတုံးတို့ တိုင်းပြည်

၁၃။ ကနေဒီ ဘာကြောင့် အသတ်ခံရသလဲ

၁၄။ ကမ္ဘာကို ကိုင်လှုပ်သော ထို ၁ဝ ရက် (Ten days that shook the world by Jogn Read)

၁၅။ တရုတ်ပြည်ပေါ်မှ ကြယ်နီ (Red Star over China by Idgas Snow)

၁၆။ အန္တရာယ် လေကြောင်းခရီး (Flight into Danger by Arthur Hailay and John Castle)

၁၇။ အမေရိကန် ကိုရုပ်ဆိုး (The ugly American by Willian J Laderes and Eugene Burdish)

၁၈။ အညံ့မခံစစ်

၁၉။ မီလာ ၁၈ (Mila 18 by Leon Jrie)

၂၀။ မေလမှာ ခုနှစ်ရက် (Seven days in May by Fletche R bneket by chaler Bailey)

၂၁။ အော်စကာ (The Oscar by Rihard Sale)

၂၂။ ဟိုတယ် (Hotel by Arthun Hailey)

၂၃။ တော်လှန်ရေးသမား (Inqyilal by K.AABBAS)

၂၄။ သွေးအေးအေးဖြင့် (In cold blood by Truman Capota)

၂၅။ အကျဉ်းအကျပ် (The Buchingham Palace connection by Tad wills)

၂၆။ အကျပ်အတည်း (Sunflower by Marilyn sharp)

၂၇။ မာသာရှင် သုံးဦး (The Three Girens by Trivingwallace)

၂၈။ ပင်လယ်ဓားပြ (A Mruder is announced by Agathr Christic)

၂၉။ ခြေရာခံ (A Murder in Summer by Lycy Walker)

၃၀။ စိတ္တဇ တနင်္လာ (Monday is announced by Lycy Walker)

၃၁။ မိုးနှင့် လေနှင့် မုန်တိုင်းနှင့် (Love with the wind by Magaret Mitchell)

၃၂။ ပျောက်နေသူ (Seth Gutcheon’s Still Missing)

၃၃။ ဘဝကြမ်း (Lust for life by Prving Stone)

၃၄။ အတူတကွ (By the rivers of Bakylon by Nelson de Mille)

၃၅။ ကိုးနာရီ (Nine hours to Rama by Starky Wolpent)

၃၆။ လေဆိပ် (Air Port By Arthur Hailey)