ဝေသာလီမြို့ဟောင်း

Listing Description

ဝေသာလီမြို့ဟောင်းသည် ရခိုင်သမိုင်း၏ ခေတ်လေးခေတ်မှ ဝေသာလီခေတ် ၏ မြို့တော်ဖြစ်သည်။ အေဒီ ၄ ရာစုမှ ၈ ရာစု အထိ ထွန်းကားခဲ့သည်။ မြောက်ဦးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်တွင် တည်ရှိ​၍ ရန်ကုန် စစ်တွေကားလမ်းသည် ဝေသာလီမြို့ဟောင်းအား အလယ်တည့်တည့်မှ ဖြတ်သန်းသွားသည်။ ဝေသာလီမြို့ဟောင်း၏ ပုံသဏ္ဌာန်သည် ဘဲဥပုံ နီးပါးဝိုင်းဝန်းသော သဏ္ဌာန်ရှိသည်။ မြို့ရိုးနှစ်ထပ်ရှိသည်။ အပြင်မြို့ရိုး တစ်ထပ် ၊နန်းမြို့ရိုးတစ်ထပ်ဖြစ်သည်။ နန်းမြို့ရိုးသည် ထောင့်မှန်စတုဂံပုံရှိသည်။ယခု နန်းတော်နေရာတွင် ဝေသာလီရွာတည်ထားကြသည်။ မြို့ရိုးများ တည်ဆောက်ရာတွင် ဘေးနှစ်ဘက်ကို အုတ်စီကာ အလယ်တွင် အုတ်ကျိုးအုတ်ပဲ့များ ထည့်ကာတည်ဆောက်ကြသည်။ အပြင်မြို့ရိုးပတ်လည်တွင် ကျုံးများပတ်ရံထားသည်။ တောင်ဘက်ကျုံးနေရာတွင် ရေများရှိနေသေးသည်။ ဝေသာလီ နန်းတော်ကိုလည်း ကျုံးဖြင့်ပတ်ရံထားသည်။ အပြင်မြို့ရိုး၏ အနောက်ဘက်တွင် ရန်းချောင်း စီးဆင်းနေပြီး အရှေ့ဘက်တွင် တောင်တန်းများကာရံထားသည်။