လက်ဆေးကန်

Listing Description

ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ဆေးခဲ့သည်ဆိုသော ကလေးမြို့နယ်ရှိ လက်ဆေးကန်သည်  ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၃ဝ၆၉ ပေ မြင့်သော တောင်ပေါ်တွင်တည်ရှိသည့် ရေကန်ဖြစ်ပြီး မော်လိုက်ခရိုင်နှင့် ကလေးခရိုင် နယ်စပ်နေရာတွင် တည်ရှိကာ ကလေး-တမူး မြန်မာ-အိန္ဒိယချစ်ကြည်ရေး ကားလမ်းမကြီးဘေး ကလေးမြို့နယ် ရန်မျိုးအောင်ကျေးရွာအနီးမှ ပြောင်ဘုတ်-မော်လိုက်လမ်းအတိုင်း ၁၄ မိုင်ခန့်တောင်တက်ခရီးသွားကာ မော်လိုက်မြို့မှ ၁၉ မိုင်ဝေးသည့် နေရာတွင် တည်ရှိသည်။ မြတ်ဗုဒ္ဓငါးဝါအရတွင် ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်မြို့အနီး နန်းဇလိန်ရွာအနောက်ဘက်ရှိ တောင်ပေါ်တွင် ဆွမ်းဘုဉ်းခဲ့သည့်အတွက် ယခုတိုင် ''ဆွမ်းဘုဉ်းတောင်'' ဟုအမည်တွင်ပြီး ထိုဆွမ်းဘုဉ်းတောင်ပေါ်တွင် ညီတော်အာနန္ဒာက လက်ဆေးရန် ရေခပ်ပေးသည့်ကန်ကို ''လက်ဆေးကန်'' ဟု ယနေ့တိုင်ခေါ်တွင်ခဲ့ကာ ဆွမ်းဘုဉ်းဘုရားကိုလည်း ယနေ့တိုင်ဖူးမြော်နိုင်ပါသည်။ လက်ဆေးကန်သည် အကျယ်အဝန်း ၁၈ ဧကခန့်ရှိပြီး ကန်ထဲမှရေသည် PH-7 level ရှိခြင်း၊ ကန်ရေပြင်အတက်အကျမရှိ ငြိမ်သက်ခြင်း၊ ပတ်ဝန်းကျင်သစ်ရွက်ခြောက်များ ကန်ထဲသို့ကျလာပါက ငှက်များ အုပ်စုဖွဲ့၍ အမှိုက်များလာသယ်ယူသွားကြခြင်း စသည်တို့ကြောင့် ထူးခြားသော ရေကန်တစ်ခုပင်ဖြစ်ပါသည်။ လက်ဆေးကန်ရှိရာ တောင်ထိပ်ပေါ်တွင် ရွှေကံသာမုနိစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုနိုင်ပြီး ဘုရားရင်ပြင်တော်မှ ကလေးမြို့နယ်တစ်ခွင်လုံး၏ ရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ပါသည်။