လောကမာရဇိန်လေးထပ်တော်ဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့မှ ၁၀ မိုင်အကွာ ရွာကြီးကျေးရွာတွင် တည်ရှိသည်။ ဘုရားသမိုင်းအရ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ ရွှေဘိုထွက်ပြီး အလောင်းဘုရားနန်းတော်၌ လက်နက်လူသူအင်အားစုဆောင်းကာ နောင်တော်ပုဂံမင်းကို ပုန်ကန်နန်းချ၍ အမရပူရနန်းတော်ကို သက္ကရာဇ် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁ ရက်နေ့ (ခရစ်နှစ် ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇)တွင် သိမ်းပိုက်ထီးနန်းရခဲ့သည်။ မင်းတုန်းမင်းသားသည် မင်းအဖြစ်ကို ရရှိပြီးသစ္စာဆို ဆုတောင်းပြည့်ခဲ့သဖြင့် ရွှေဘိုရှိ အလောင်းဘုရားတည်ဆောက်ခဲ့သော ရတနာသိင်္ဃနန်းတော်ကျွန်းတိုင်များကို တစ်တောင်ခန့် ရွှေပိန်းချဘုရား ၁၀၅ ဆူထုလုပ်ပြီး ယင်းဘုရား ၁၀၅ ဆူလုံးကို “လောကမာရဇိန်ဆုတောင်းပြည့်ဘုရား” ဟုဘွဲ့တော်အမည်ပေး၍ အရေးတော်ပုံအချိန်က သစ္စာခံမြင်းသည်ရွာနှင့် မြို့များတွင် ပြည်သူအများကိုးကွယ်နိုင်ရန် ပေးအပ်ခဲ့သည်။ မင်းတုန်းမင်းပေးအပ်သော လောကမာရဇိန်ဆုတောင်းပြည့်ဘုရား ၁၀၅ ဆူအနက် တစ်ဆူကို ရွာကြီးတိုက်နယ်သူကြီးနှင့် ဆရာတော်ဦးဂုဏမှ လက်ခံရရှိခဲ့ကြောင်း သမိုင်းအထောက်အထားများအရသိရှိရပြီး တိုက်နယ်သူကြီးမှ အများကိုးကွယ်ရန် ဘုရားတည်ဆောက်ခဲ့စဉ် အကြောင်းအမျိုးမျိုးကြောင့် ဆက်မဆောက်ဖြစ်တော့ဘဲချုံ နွယ်ပိတ်ပေါင်းများထဲရောက်ရှိနေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကိုးကွယ်သော ဆရာတော်ဦးဂုဏက မိမိဇာတိ ရွာကြီးကျေးရွာတွင် ပြန်လည်သတင်းသုံးလိုသောအခါ မင်းတုန်းမင်းက စိန်တုန်းမိဖုရားကြီးကို ဦးဆောင်စေ၍ ရွာကြီးကျေးရွာတွင် “မင်းကျောင်းကြီး” ကို တည်ဆောက်လှူဒါန်းစေခဲ့သည်။ ရွာကြီးရွာသို့ မိဖုရားကြီးကြွမလာမှီ တောတောင်ချုံနွယ်များကို ရှင်းလင်းသောအခါမှ အလောင်းမင်းတရားကြီး၏ ရွှေဘိုနန်းတော်တိုင်ဖြင့် ထုလုပ်ထားသော “လောကမာရဇိန်ဆုတောင်းပြည့်ဘုရား” ကို ပလ္လင်နှင့်တကွ ချုံထဲမှ ပြန်လည်တွေ့ရှိသဖြင့် စိန်တုန်းမိဘုရားကြီးမှ အလှူတော်ငွေ ဒေါင်းဒင်္ဂါး ၃၀၀၀ မတည်လှူဒါန်းပြီး ရွာကြီးရွာသူရွာသားများနှင့် အနီးပတ်ဝန်းကျင်ရွာများမှ စုပေါင်းကုသိုလ်တော်ဖြင့် မူလဆင်းတုတော်ကိုငုံ၍ အမြင့် ၃၀ ပေခန့်ရှိ ထိုင်တော်မူဆင်းတုတော်ကြီးနှင့် လေးထပ်ကျောင်းဆောင် ဂန္ဓကုဋိတိုက်ကြီးကို တည်ဆောက်ပူဇော်ရာ “လောကမာရဇိန်လေးထပ်တော်ဘုရား” ဟုဘွဲ့အမည်တွင်ခဲ့သည်။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၌ ဆွမ်းတော်တင်ဆွမ်းလောင်းပွဲကြီးကို စည်ကားစွာ ကျင်းပပါသည်။