ပုဟိန်ထောက်စေတီတော်

Listing Description

ငြိမ်းချမ်းရေးမြို့ဦးစေတီလေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော ပုဟိန်ထောက်စေတီသည် ရှားတောမြို့၊ ကယားပိုင်း၏ အရှေ့မြောက်ဘက် စာသင်ကျောင်းအနီး အမြင့် ၅ ပေ၊ အလျား ၁၆၅ ပေ၊ အနံ ၁၁၅ ပေ၊ ထု ၃ ပေခန့်ရှိသော အုတ်တံတိုင်း ပရဝုဏ်အတွင်း၌ အခြားငြိမ်းချမ်းရေးမြို့ဦးစေတီ သုံးဆူဖြစ်ကြသော ဖကန္နစေတီတော်ဖကေတုစေတီတော်၊ ဦးပြုံးချိုစေတီတော်တို့နှင့် တစ်စုတည်းတည်ရှိသည်။ လေးထောင့်ဖိနပ်ပေါ်တွင် ခိုနန်းချိုးပါ လေးထောင့် ပစ္စယံနှစ်ဆင့်၊ ရှစ်မြှောင့်ပစ္စယံ တစ်ဆင့်နှင့် စိန်တောင်ခံကာ ခေါင်းလောင်းပုံစေတီတော်ကို အလျား ၃၂ ပေ၊ အနံ ၃၂ ပေ၊ ဉာဏ်တော်အမြင့် ၃၅ ပေခန့်ဖြင့် တည်ထားပါသည်။စေတီတော်၏ အရပ်လေးမျက်နှာ ဖိနပ်ခုံပေါ်တွင် ပြဿဒ်မုခ်ဆောင် ပြုလုပ်ထားရှိပြီး အမြင့် ၄ ပေ ၈ လက်မ၊ ဗျက် ၃ ပေ ၅ လက်မ၊ ထု ၂ ပေခန့်ရှိသော ဆင်းတုတော်တစ်ဆူစီ အပူဇော်ခံထားပါသည်။ ထောင့်လေးထောင့်တွင်လည်း စေတီရံတစ်ဆူစီ တည်ထားသည်။ ထို့အပြင် အရပ်လေးမျက်နှာတွင် သရက်ကင်းပုံစံလက်ရန်းဖြင့် လှေကားများပြုလုပ်ထားပါသည်။ ထောင့်လေးထောင့်တွင် ခြင်္သေ့ရုပ်များ ထုလုပ်ထားဟန်ရှိသော်လည်း အရှေ့တောင်ထောင့်တွင်မူ ပျက်စီးသွားသောကြောင့် အုတ်ပုံသာ ကျန်ရှိနေတော့သည်။ ပထမပစ္စယံပေါ်တွင် ကလသာအိုးများ တည်ထားပြီး တတိယပစ္စယံတွင် မနုဿီဟရုပ်ကို တည်ထားသည်ကို တွေ့ရသည်။ ထို့နောက် ရှစ်မြှောင့် ပစ္စယံပေါ်တွင် စိန်တောင်ပတ်ထားပြီး ၄င်းစိန်တောင်မှ အထက်ပိုင်း တစ်ခုလုံးကို ရွှေသင်္ကန်းကပ်လှူထားသည်ကို တွေ့ရှိရပါသည်။ ခေါင်းလောင်းပုံကို ဘီလူးပန်းဆွဲများဖြင့် တန်ဆာဆင်ထားသကဲ့သို့ သပိတ်မှောက်ကိုလည်း အင်္ဂတေပန်းလက်ရာကနုတ်ဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိရပါသည်။ စေတီတော်၏ ဖောင်းရစ်မှာ ၁၃ ရစ် ပါရှိသည်။