ဗိုလ်မှူး ဖိုးကွန်း (၁၈၉၇ - ၁၉၇၀)

Listing Description

၁၂၅၉ (ခရစ်နှစ် ၁၈၉၇) ခုနှစ်တွင် နယ်ခြား ဝန်ထောက်ကြီး အဖ ဦးကျီးညိုနှင့် အမိ ဒေါ်ညွန့်တို့မှ တောင်ငူမြို့၊ ငွေလုံရပ်ကွက်၌ မွေးဖွားခဲ့သည်။

တောင်ငူမြို့၊ ငွေလှံရပ်၊ ဘုန်းတော်ကြီးကျောင်းတွင် ငယ်ရွယ်စဉ်အခါက မြန်မာစာသင်ခဲ့ရာ “အပြင်အောင်ခြင်း” အထိတက်ခဲ့သည်။ ထို့နောက် (ရှင်လုကာ အက်စ်ပီဂျီ) အင်္ဂလိပ်ကျောင်းသို့ ပြောင်းနေခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် အလယ်တန်းစာမေးပွဲအောင်၍ မန္တလေး စိန်ပီတာကျောင်း ပြောင်းခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ဝင်စာမေးပွဲကို ပထမဆင့်မှလည်းကောင်း၊ တန်းမြင့်ကျောင်းထွက်စာမေးပွဲကို စကောလားရှစ်နှင့်လည်းကောင်း အောင်ခဲ့သည်။ ထိုစဉ်က ဘာသာအလိုက် (Distinction) များ မပေးပေ။ ၄င်းနှစ် တန်းမြင့်ကျောင်းထွက်စာမေးပွဲ အစီရင်ခံစာတွင် ဗိုလ်မှူးဖိုးကွန်းနှင့် အခြားကျောင်းသားတစ်ဦးတို့သည် သင်္ချာဘာသာတွင် (Deserve Special Mention) ဟူ၍ အထူးထုတ်ဖော် မှတ်တမ်းတင်ခံခဲ့ရသည်။

ရန်ကုန်ကောလိပ်ပြောင်း၍နေခဲ့ရာ ၁၉၁၈ ခုနှစ် (အိုင်အက်စ်စီ) အထက်တန်းစာမေးပွဲကို ပထမဆင့်မှ အောင်ခဲ့သည်။ သစ်တောဝန်ထောက်စာမေးပွဲဝင်ရာ ရှုံးခဲ့သည်။ အကြောင်းမညီညွတ်၍ တစ်နှစ်ပညာ ဆက်မသင်ရဘဲ နောက်နှစ်တွင် ကောလိပ်ဆက်တက်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက် (တန်ဆောင်မုန်း လဆုတ် ၁၀ ရက်) တွင် ဘီအက်က်စီအထက်တန်းမှ သပိတ်မှောက် ထွက်ခဲ့သည်။ ပထမယူနီဗာစီတီသပိတ်ကြီးကို အခြားကျောင်းသားရဲဘော် (၁၀)ဦးတို့နှင့်အတူ လှုံ့ဆော်စည်းရုံးပြီး အခြားရဲဘော် (၂၄) ဦးတို့အပါအဝင် ယူနီဗာစီတီ သပိတ်မှောက်ကောင်စီ ဖွဲ့စည်းကာ ခေါင်းဆောင်ခဲ့သည်။ ယင်းသပိတ်အတွင်းမှ မျိုးချစ်စိတ်ကို ပြုစုပျိုးထောင်ကြီးထွားရင့်သန်စေခဲ့သည့် အမျိုးသားကျောင်းများ စတင်သီးပွင့်လာခဲ့သည်။ ဆရာကြီးတို့ စတင် သပိတ်မှောက် ခဲ့သောနေ့ကို အစွဲပြု၍ တန်ဆောင်းမုန်း လဆုတ် ၁ဝ ရက်နေ့သည် အမျိုးသားနေ့ ဖြစ်ခဲ့သည်။

၁၉၂၁ ခုနှစ်၊ အမျိုးသားပညာရေးကောင်စီတွင် ဦးဖိုးကျား၊ ဦးစိုးဝင်းတို့နှင့်အတူ အမျိုးသားပညာဝန်ကို ထမ်းဆောင်လာခဲ့သည်။

၁၉၂၂ ခုနှစ်မှ ၁၉၃၅ ခုနှစ်အထိ တောင်ငူမြို့၊ အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ်နှင့် ၁၄ နှစ် ဆောင်ရွက်ခဲ့သည်

အစောပိုင်းကာလ၌ ကျောင်းတွင်းကင်းထောက်အသင်း၊ ဝံပုလွေအသင်းများ ထောင်ပေးခဲ့သည်။ အင်္ဂလန်ပြည်ရှိ (League Against Imperialism and for National Independence) အသင်းဝင်ပြီးနောက် “ဘုရင်နှင့် တိုင်းပြည်၏သစ္စာကို စောင့်ထိန်းပါမည်”ဟူသော ကင်းထောက်ကတိကို ဆက်လက်ထိန်းသိမ်းရန် မဖြစ်တော့သဖြင့် ကင်းထောက်နှင့် ဝံပုလွေအသင်းများဖျက်ပြီး အဆင်သင့်ပေါ်ပေါက်လာသည့် ဦးမောင်ကြီး၊ ရဲတပ်နှင့် ရဲညွန့်တို့ အဖွဲ့များကို ကျောင်းတွင်းမှာရော နယ်များမှာပါ ဖွဲ့စည်းပြီး တောင်ငူခရိုင် ရဲတပ်ဗိုလ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

သခင်လေးမောင် အပါအဝင် ရဲဘော်ငါးဦးတို့နှင့်အတူ တောင်ငူမြို့တွင် ဒို့ဗမာအစည်းအရုံးကို စတင်တည်ထောင်ခဲ့သည်။ “တောင်ငူယုဝအသင်း” ထောင်၍ လူငယ်များကို သာရေး၊ နာရေး ဗန်းပြပြီး မျိုးချစ်စိတ်၊ တော်လှန်ရေးစိတ်များ မွေးမြူပေးခဲ့သည်။

ဂျူဗလီပိဋကတ်တိုက်အသင်း၊ တောင်ငူဘောလုံးအသင်း၊ တောင်ငူမြို့ပြရေးရာအသင်းနှင့် အခွန်ထမ်းအသင်း အသီးသီးတို့တွင် အမှုဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒုတိယယူနီဗာစီတီသပိတ်အတွက် ဗိုလ်ချုပ်အောင်ဆန်း (ထိုစဉ်က ကျောင်းသားကိုအောင်ဆန်း)က ကြေးနန်းရိုက် ဖိတ်ခေါ်သဖြင့် ရန်ကုန်သို့ဆင်းလာကာ ပထမသပိတ်ကြီး၏ အတွေ့အကြုံများကို ပြောပြဆွေးနွေး၍ လိုအပ်သောအကြံများ ပေးခဲ့သည်။

၁၉၃၆ ခုနှစ်တွင် သီပေါစော်ဘွားစောအုံကြာက ကျောက်မဲမြို့တွင် အထက်တန်းကျောင်းတစ်ကျောင်းဖွင့်ရန် စီစဉ်ဖို့ခေါ်သဖြင့် ကျောက်မဲတွင် တစ်နှစ်၊ သီပေါတွင် တစ်နှစ် သွားရောက်ဆောင်ရွက်ခဲ့သည်။ မျိုးချစ်စိတ် တော်လှန်ရေးစိတ်များကို လှုံ့ဆော်သည့် အင်္ဂလိပ် မြန်မာ စာပိုဒ်များကို ဘာသာပြန်စေခြင်း၊ စကားပြေရေးသားစေခြင်း၊ ဆရာကြီးဗိုလ်မှူးဖိုးကွန်းကိုယ်တိုင်က အကျယ်တဝင့် ရှင်းလင်းပြောပြခြင်းအားဖြင့် ရှမ်းပြည် ပုဒ်မ ၁၀ ဖြင့် နယ်နှင်ခွင့် ဥပဒေ (Frontier Crossing Regulation) များကို ရှောင်ကွင်းကာ ရှမ်းအမျိုးသားကျောင်းသားကလေးများကို စိတ်ဓာတ်ပြုပြင်ပေးခဲ့သည်။

၁၉၃၈ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိ ကြို့ပင်ကောက် အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် သုံးနှစ် ဆောင်ရွက်ခဲ့သည်။

ဂျပန်ခေတ် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီး ဦးဖိုးကွန်းအား ခေါ်ယူ၍ စစ်ဥပဒေ အရာရှိ တာဝန်ကို ပေးကာ ဗိုလ်ကြီး အဖြစ် ပေးအပ်ခြင်း ခံရသည်။ နောင်တွင် ဗိုလ်မှူး ရာထူး အဆင့်အထိ တိုးမြှင့် ခန့်အပ်ခြင်း ခံရပြန်သည်။

မဟာမိတ်တပ်များ ဝင်လာပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းတို့ ကန္နီစာချုပ် ချုပ်ရန် သွားသော အခါ ဆရာကြီး ဦးဖိုးကွန်းအား ဗမာ့ တပ်မတော်၏ ယာယီ စစ်သေနာပတိ အဖြစ် ဗိုလ်ချုပ် အောင်ဆန်း၏ တာဝန် ပေးအပ်ခြင်းကို ခံခဲ့ရသည်။

စစ်ပြီးဆုံးသော အခါ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ပြည်သူ့ ရဲဘော် တပ်ဖွဲ့တွင် ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့ပြီး ဖဆပလ အဖွဲ့ချုပ် တွင်လည်း အလုပ်အမူဆောင် လူကြီး အဖြစ် ပါဝင်ခဲ့လေသည်။

ဗိုလ်ချုပ် အောင်ဆန်းတို့ ကျဆုံးပြီးနောက် ဖဆပလ အစိုးရကို ပြန်လည် ဖွဲ့စည်းရာတွင် ပညာရေး ဝန်ကြီး ဌာနနှင့် ကျန်းမာရေး ဌာန ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနစ်တွင် မူလတန်းပညာ မသင်မနေရ ဥပဒေ နှင့် အခမဲ့ ပညာရေးစနစ်ကို ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် နှင့်အတူ စတင် အကောင်အထည် ဖော်ခဲ့သည်။

မြန်မာပြည် ကွန်မြူနစ်များ တောခိုသွားသော အခါ ပြည်သူ့ ရဲဘော်၏ ပြည်တွင်းစစ် တားဆီးရေး လုပ်ငန်းကို ခေါင်းဆောင်ရင်း ရဲဘော်ဖြူ အဖွဲ့နှင် အတူ တောခို သွားခဲ့သည်။ ထိုစဉ်က ပြည်သူ့ ရဲဘော်မှာ ယာယီ အားဖြင့် ရဲဘော်ဖြူ ရဲဘော်ဝါဟု နှစ်ခြမ်း ကွဲသွာခဲ့သည်။ ရဲဘော် ဖြူကို ဆရာကြီး ဦးဖိုးကွန်း ခေါင်းဆောင်ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူး အောင် ဦးစီးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဆရာကြီး ဦးဖိုးကွန်း ခေါင်းဆောင်သည့် ရဲဘော်ဖြူ အဖွဲ့သည် လက်နက်စွန့်၍ ဥပဒေဘောင် အတွင်း ဝင်ရောက် ခဲ့ကြသည်။ ထိုနှစ် နိုဝင်ဘာလ ပြည်သူ့ ရဲဘော် ကွန်ဂရက်တွင် ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီး တည်ထောင် ဖွဲ့စည်းခဲ့သော ဖဆပလ သည်လည်း တည်မြဲ ဖဆပလ၊ သန့်ရှင်း ဖဆပလဟု နှစ်ခြမ်း ကွဲသွားပြန်ရာ သန့်ရှင်း ဖဆပလသည် အစိုးရ ဖြစ်လာခဲ့သည်။ ထိုအခါ ဆရာကြီး ဦးဖိုးကွန်းသည် အတိုက်အခံဘက်မှ ပမညတ သဘာပတိ အဖွဲ့ဝင် တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ် နေဝင်း ဦးစီးသော တော်လှန်ရေး အစိုးရ လက်ထက်တွင် လမ်းစဉ် ပါတီဝင် တစ်ဦး ဖြစ်လာပြီး ၁၉၆၃ ခုနှစ်တွင် မီးရထား ဌာန အထူးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ရွှေ့ပြောင်း ခန့်အပ်ခြင်း ခံရသည်။ ၁၉၆၉ ခုနှစ်တွင် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်း ခံရပြန်သည်။

၁၉၇ဝ ခုနှစ်၊ အနှစ် (၅ဝ) မြောက် အမျိုးသား ရွှေရတုသဘင် ကျင်းပသော အခါ ရွှေရတုသဘင် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းနှစ် ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန် အသက်(၇၃) နှစ် အရောက်တွင် ရန်ကုန်မြို့ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

ဆရာကြီး ကွယ်လွန်သွားချိန်တွင် ဆရာကြီး၏ ဇနီး ဒေါ်သင်းနှင့် သား ဦးခင်မောင်အေး၊ အရာခံဗိုလ် ခင်မောင်လေး၊ မောင်ခင်မောင်ထွေး၊ သမီး ဒေါ်ခင်မေအေး၊ ဒေါ်ခင်မေသက်တို့ ကျန်ရစ်ခဲ့သည်။

တောင်ငူမြို့တွင် "ဗိုလ်မှူး ဖိုးကွန်းလမ်း" ဟု အမှတ်တရ ဂုဏ်ပြု အမည်ပေးထားသည်။