သုမောင် (၁၉၅၁ - ၂၀၁၀)

Listing Description

၁၉၅၁ ခုနှစ် မတ်လ (၁၃) ရက်နေ့၊ အင်္ဂါနေ့တွင် ဖခင်ဖြစ်သူ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု နှင့် မိခင်ဒေါ်ခင်ညိုတို့မှ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့ခြင်း ဖြစ်ပြီး အမည်အရင်းမှာ မောင်ဗလ ဖြစ်သည်။ မွေးချင်း (၄) ယောက် အနက် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်စဉ်က အင်ဂျင်နီယာ တစ်ဦး ဖြစ်လိုသဖြင့် ၁၉၆၆ ခုနှစ်တွင် စိန်ပေါလ် (ယခုအ.ထ.က(၆)ဗိုလ်တထောင်) မှ အစိုးရ စက်မှု လက်မှု အထက်တန်းကျောင်း GTI သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့ရာ ဒီဇယ်အင်ဂျင်နီယာ သင်တန်းကို ၁၉၆၉ ခုနှစ်တွင် အောင်မြင်ခဲ့သည်။

ထိုအချိန်ကစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများ ရေးသားခဲ့သည်။ ပထမဦးဆုံး ဝတ္ထုတိုအဖြစ် ၁၉၇ဝ ပြည့်နှစ်တွင် ဝတ်မှုံ ဂျာနယ်၌ “သနပ်ခါးရေကျဲကျဲ” ကို ကလောင်အမည် “အုပ်စိုး” ဖြင့် စတင် ရေးခဲ့သည်။

၁၉၇၃ ခုနှစ်၊ စက်တင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းတွင် `ငယ်အိပ်မက်´ ဝတ္ထုကို `သုမောင်´ အမည်ခံ၍ ရေးသား ဖော်ပြခဲ့ရာမှ ယနေ့တိုင် `သုမောင်´ အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် `အချစ်´ အမည်ရှိ လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်းဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။ သိပ်ချစ်တယ်မဟုတ်လား (၁၉၇၆)၊ ရှင်နေမင်းမှ ပေးသောစာ (ဘာသာပြန်၊ ၁၉၇၆)၊ ချစ်ချစ်ချစ် ၁-၂-၃ (၁၉၈၀)၊ ဍ နှင့် အခြားဝတ္ထုတိုများ (၁၉၈၃)၊ ကွမ်းစကား (၁၉၉၉)၊ စာမျိုးစုံလင်စာသဘင် (၂၀၀၉) အပါအဝင် လုံးချင်းဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ဘဝအတွေ့အကြုံ စာပေပေါင်းချုပ် စာစုပေါင်း ၆၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သည်။

၁၉၉၈ ခုနှစ် စာဖတ်သူ အကြိုက် မန္တလေး စာပေဆုကို အဖေ၏ အမေ ကိုယ်တွေ့ စာတမ်းငယ်ဖြင့် ရရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံ အိုင်အိုဝါး တက္ကသိုလ်၌ ကျင်းပခဲ့သော နိုင်ငံတကာ စာရေးဆရာများ စာပေရေးရာ လုပ်ငန်း (International Writing paragraph) အစီအစဉ်သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသဖြင့် သွားရောက်၍ စာတမ်းတင်ခဲ့သည်။

၁၉၇၄ တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ပြီး စာပေကဲ့သို့ပင် ရုပ်ရှင်တွင်လည်း သုမောင် အမည်သည် ထင်ရှားခဲ့သည်။ ဇာတ်ကားကြီးပေါင်း ၄ဝ ကျော် ရိုက်ကူးခဲ့သည်။

၁၉၉ဝ ပြည့်နှစ်အတွက် အကောင်းဆုံး အဓိက အမျိုးသားသရုပ်ဆောင် အကယ်ဒမီ ဆုကို `ခုနှစ်စဉ်အလွမ်း´ဇာတ်ကားတွင် ရရှိခဲ့သည်။

၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင် နောက်ခံ တေးတစ်ပုဒ် ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို စတင် သီဆို ခဲ့ရာမှ စ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့သည်။ ရုပ်ရှင် နောက်ခံတေးများ၊ တိပ်ခွေ စီးရီးများ၊ ရေဒီယို တေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း ပုဒ်ရေပေါင်း ၂ဝဝဝ ကျော် သီဆိုခဲ့သည်။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအို နိုင်ငံများရှိ ဆရာဝန်များ ငွေရတု သဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့ တေးသီချင်းများ သွားရောက် ဖျော်ဖြေခွင့် ရခဲ့သည်။

၂၀၁၀-ခုနှစ်၊ မေလ (၁၆) ရက် တနင်္ဂနွေနေ့ ည (၉) နာရီအချိန် ရန်ကုန်မြို့ သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၀) နှစ်ရှိပြီဖြစ်ပြီး ဇနီးသည် ဒေါ်အေးအေးမေ (ခေါ်) အေးဘုံနှင့်အတူ သမီးကြီး စိုးအိမ်သူ၊ သားလတ် ဖိုးသောကြာ၊ သားငယ် ထိန်ထိန်သာ၊ သမီးထွေး ထိပ်ထားတို့ ကျန်ရစ်ခဲ့သည်။

ကလောင် အမည်ကွဲများ

မဟူရာ (ကော်လံဖြည့် ကဗျာများ)

ကိုရင် ဉေယျ (ဘာသာရေး ဆောင်းပါးများ)

မောင် ဗလ (ကလေးကဗျာများ)

စိန်ခြယ် (ရုပ်ရှင်ပညာပေး ဆောင်းပါးများ)