အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင် (စိန့်ပေါလ်အထက်တန်းကျောင်း)

Listing Description

အထက (၆) ဗိုလ်တထောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် တည်ရှိသည်။ ယခင်က စိန်ပေါလ်အထက်တန်းကျောင်းဟု လူသိများခဲ့သော အဆိုပါကျောင်းသည် ရန်ကုန်မြို့ရှိ သက်တမ်းအရင့်ဆုံးကျောင်းများအနက် တစ်ခုဖြစ်ပြီး ၁၉ရာစုခန့်က ကျော်ကြားခဲ့သော သာသနာပြုကျောင်းများအား ကိုယ်စားပြုသည့် အထင်ကရ ဥပမာတစ်ခုပင်ဖြစ်သည်။ ထို့အပြင် စိန်ပေါလ်အထက်တန်းကျောင်းသည် မြန်မာနိုင်ငံရှိ အကြီးမားဆုံး ရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်းဖြစ်သော စိန်မေရီဘုရားကျောင်းဝင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ မူလစိန်ပေါလ်အထက်တန်းကျောင်းကို မြန်မာနိုင်ငံတွင် ၁၈၅၆ မှ ၁၈၉၄ အထိ ပညာရေးနှင့် ခရစ်ယာန်သာသနာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် ဘုန်းတော်ကြီး ပေါလ်ဘီဂန်းဒတ် (Paul Bigandet) က ကိုလ်ကတ္တား (ယခင် ကာလကတ္တား) မှ ဒီလာဆဲလ် De La Salle Brothers များ၏ အကူအညီဖြင့် တည်ထောင်ခဲ့သည်။ ၎င်းတို့ ညီအစ်ကိုများသည် ၁၈၉၀ ခုနှစ် ဧပြီလတွင် မော်လမြိုင်မြို့  စိန်ပက်ထရစ်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီးနောက် ရန်ကုန်သို့ ရောက်ရှိလာကာ စိန်ပေါလ် ယောက်ျားလေးကျောင်းကို ဘုန်းတော်ကြီး၏ နေအိမ်အနီး ဘားလမ်း (ယခု မဟာဗန္ဓုလ ပန်းခြံလမ်း) တွင် သစ်သားကျောင်းဆောင်ငယ်အဖြစ် စတင် တည်ဆောက်ခဲ့သည်။ ကျောင်းသားများ တစ်စတစ်စ တိုးပွားလာခဲ့ပြီး ၁၈၈၆ ခုနှစ်သို့ရောက်သည့်အခါ လက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၀၀ နှင့် ၁၉၀၈ ခုနှစ်ကြားတွင် ထိုခေတ်က နာမည်ကျော် ဗိသုကာ Thomas Swales ပုံစံရေးဆွဲပေးသော တိုးချဲ့ဆောင် နှစ်ဆောင်ကို တည်ဆောက်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် စာသင်ဆောင်နှင့် ထမင်းစားဆောင်တို့အား ထပ်မံတိုးချဲ့ခဲ့သည်။ မူလတွင် ကျောင်းသင်ခန်းစာများအား အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားခဲ့ပြီး စိန်ပေါလ်ကျောင်းမှ  ထင်ရှားသော ခေါင်းဆောင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ထင်ရှားသောကျောင်းသားဟောင်းများအနက် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျောင်းရှေ့ ဝန်ကြီးများရုံးတွင် လုပ်ကြံခံခဲ့ရသော အာဇာနည်တစ်ဦးဖြစ်သည့်  ဒီးဒုတ်ဦးဘချိုလည်း အပါအဝင်ဖြစ်သည်။ စိန်ပေါလ်အထက်တန်းကျောင်းကို ၁၉၆၅ ခုနှစ်မှာ ဆိုရှယ်လစ်အစိုးရက ပြည်သူပိုင် သိမ်းယူခဲ့ရပြီးနောက် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၆) ဗိုလ်တထောင်အဖြစ် အမည်ပြောင်းခဲ့ပါသည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၂ ရက်နေ့၌ ၁၇ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။