ဒေါက်တာကောင်းညွန့် (မွန်ဦးမြေ) (၁၉၄၂-၂၀၁၄)

Listing Description

ဘိုကလေးမြို့တွင် ၁၉၄၂ခု အောက်တိုဘာ ၁၉ရက်နေ့ မွေးဖွားသည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ B.Arch ကို ရန်ကုန်စက်မှုတက္ကသိုလ်မှ ၁၉၆၇ခုတွင် ရရှိခဲ့သည်။ ဆက်လက် ပညာဆည်းပူးရာ Master နှင့် Doctor ဘွဲ့တို့ကို ကျိုတိုတက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ရရှိခဲ့သည်။ ရန်ကုန်မြို့ အဆောက်အဦဆိုင်ရာ လိုင်စင်ရ အင်ဂျင်နီယာ ဖြစ်သည်။

လက်ထောက်ကထိက အဖြစ် ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာအင်ဂျင်နီယာဌာနတွင် ၁၉၆၇ မှ ၁၉၈၅ အထိ ကျောင်းဆရာလုပ်ခဲ့သည်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှ ကုလသမဂ္ဂဒေသဇွံ့ဖြိုးရေး UNCRD (United Nations Centre for Regional Development) ဖဲလိုးရှစ် ရရှိပြီး၊ သုတေသနအရာရှိအဖြစ် ဂျပန်နိုင်ငံ၊ အဆိုပါဌာနတွင် ၁၉၈၆ ဇွန်လမှ စတင်အလုပ်လုပ်ခဲ့သည်။ ရန်ကုန်မြို့တော်ကြီး၏ မိလ္လာ၊ရေဆိုးရေညစ်များ နှင့် ကျူးကျော်တဲများနေထိုင်ခြင်း အကြောင်းအဖြေရှာသည့် သုတေသနစာတန်းကို UNCRD အတွက် ပြုစုတင်ပြခဲ့သည်။

တိုကျိုတွင် နေထိုင်၊ အလုပ်လုပ်နေစဉ်အချိန် ၁၉၈၅ မှ ၁၉၉၃ တွင် အချိန်ပိုင်းဆရာအဖြစ် တက္ကသိုလ်ကြီးနှစ်ခုတွင် ဗိသုကာဒီဇိုင်းပညာကို သင်ကြားပို့ချခဲ့သည်။ ထို့အပြင် နာမည်ကျော် ဗိသုကာ Renzo Piano ၏ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ် Landscape design အကြံပေးအဖြစ်လည်း အချိန်ပိုင်း လုပ်ခဲ့သည်။

၁၉၉၃ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊ အောကလန်မြိုရှိ University of Auckland တွင် တက္ကသိုလ်ဆရာအဖြစ် ခန့်အပ်ခံရသဖြင့် ဗိသုကာဒီဇိုင်းနှင့် Landscape Design ပညာရပ်များကို သင်ကြားပို့ချခဲ့သည်။ ကျောင်းသားများမှတ်ချက်ပေးမှု ကောင်းကောင်းရရှိပြီး၊ ပေါ်ပြူလာဖြစ်သော ဆရာဖြစ်သည်။ ထို့ကြောင့် အသက်၆၅နှစ်တိုင်အောင် တက္ကသိုလ်ဆရာအဖြစ် အလုပ်ခန့်သည့် အာမခံစာကို ရရှိခဲ့သည်။ အကောင်းဆုံးသင်ကြားပို့ချနိုင်သည့်ဆရာ ဆုကိုလည်း အောက်ကလန်တက္ကသိုလ်တွင် အာရှတိုက်သား ဆရာများထဲမှ ပထမဆုံး ရရှိခဲ့သူ ဖြစ်သည်။ ၁၉၉၈ တွင် Senior Lecturer အဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ဗိသုကာဆိုင်ရာ စာတန်းများစွာ ပြုစု၊ ပုံနှိပ်ထုတ်ဝေခဲပြီး၊ ကျောင်းသားများစွာကို သင်ကြား၊ နည်းပြခဲ့သည်။ ၂၀၀၅တွင် အော်ကလန်တက္ကသိုလ်မှ အငြိမ်းစားယူသည်။

ဒေါက်တာကောင်းညွန့်သည် မတော်တဆ လဲကျမှုမှ ခါးရိုးဒဏ်ရာ ခွဲစိတ်ကုသခဲ့ပြီး၊ သက်သာမလာပဲ ၂ပတ်အကြာတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကွယ်လွန်သွားသည်။ ၇ ရက်နေ့တွင် နယူးဇီလန် All Saint’s Chapel, Purewa Crematorium, St Johns Road, Meadowbank, New Zealand တွင် မီးသဂြိုဟ်သည်။