ဝန်ကြီးများရုံး (The Secretariat or the Ministers' Office)

Listing Description

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း တွင်တည်ရှိသော ဝန်ကြီးများရုံးသည် ဗြိတိသျှခေတ်တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုများ ဆောင်ရွက်ရာ ရုံးအဖြစ်တည်ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည်။ ဝန်ကြီးများရုံးကို မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်လည်ဝန်းရံထားသော ဘလောက်တွင် အင်္ဂလိပ်အက္ခရာ (U) ပုံသဏ္ဌာန်ဆောက်လုပ်ထားပြီး ၁၆ ဧက ကျယ်ဝန်းသည်။ ကိုလိုနီအစိုးရ၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဗစ်တိုးရီးယန်းစတိုင် အဆောက်အအုံကြီးကို ၁၈၈၉ ခုနှစ်တွင် ဗိသုကာပညာရှင် အင်ဂျင်နီယာချုပ် enry Hoyne-Fox က ဒီဇိုင်းရေးဆွဲခဲ့ပြီး မဟာဗန္ဓုလလမ်းနဲ့အပြိုင် တောင်ဘက်အဆောင်ကို စတင်ဆောက်လုပ်ကာ ၁၈၉၃ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ပင်မဆောင်ကို ၁၉၀၂ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီးအရှေ့ဘက်နှင့် အနောက်ဘက် အဆောက်အအုံများကို ၁၉၀၅ တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၉၇၂ ခုနှစ်ထိ ထိုအဆောက်အအုံအား အတွင်းဝန်များရုံး (The Secretariat Office)ဟု သုံးနှုန်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်နေရာဟု လူသိများသည်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၁၉၃၂ ခုနှစ် အိန္ဒိယမှ ခွဲထွက်ရေးအတွက် မြန်မာ့ဥပဒေပြုရေးကောင်စီ၏ ရွေးကောက်ပွဲ၊ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီးနောက်ပိုင်း “၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးအက်ဥပဒေ” အဖြစ် ပြောင်းလဲလာမှုများအားလုံးသည် အတွင်းဝန်ရုံးမှ စတင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အတွင်းဝန်ရုံးပရဝုဏ်အတွင်းရှိ လွှတ်တော်အဆောက်အအုံရှေ့တွင် ယူနီယံဂျက်အလံကို ဖြုတ်ချ၍ မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်ကာ မြန်မာနိုင်ငံအလံကို လွှင့်တင်ခဲ့သည်။ ထိုကဲ့သို့သော သမိုင်းကြောင်းများအရ၊ ဗိသုကာအရ အထင်အရှားဖြင့် တည်ရှိသည့် အဆောက်အအုံကြီးကို ယခုအခါ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး အများပြည်သူဝင်ရောက်လေ့လာနိုင်ရန် ဖွင်လှစ်ထားကာ ပွဲတော်တစ်ချို့ကိုလည်း လက်ခံကျင်းပပေးလျက်ရှိပါသည်။