လေမှုတ်စက်ရုံ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

Listing Description

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၂၃၃/ ၂၃၇) တွင် တည်ရှိသည်။ အင်္ဂလိပ်အစိုးရအုပ်ချုပ်စဉ်ကာလ ၁၈၈၈ ခုနှစ်တွင် ဗြိတိသျှအင်ဂျင်နီယာ မစ္စတာ အောက်တာဗက်စ်ဒေကွန်ကလပ်ခ်က ဦးဆောင်၍ မြို့ထဲဧရိယာအိမ်များမှ စွန့်ပစ်လာသော မိလ္လာအညစ်အကြေးများကို လေမှုတ်စက်ရုံမှ ထုတ်ပေးလိုက်သော လေဖိအားဖြင့် ရန်ကုန်မြစ်အတွင်းသို့ စွန့်ပစ်ရန်အတွက် တည်ဆောက်ခဲ့သည်။ ထိုခေတ်ကာလ၌ လျှပ်စစ်မီးမရှိသေးသဖြင့် ကျောက်မီးသွေးလောင်စာသုံး ဘွိုင်လာစနစ် လေမှုတ်စက်ကြီးများကို စတင်တပ်ဆင်အသုံးပြုခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် လျှပ်စစ်လေမှုတ်စက်ကြီးများကို ပြောင်းလဲတပ်ဆင်ခဲ့ပြီး ယနေ့အချိန်ထိ အသုံးပြုလျက်ရှိသည်။ ၁၈၈၈ ခုနှစ်တွင် စတင်တပ်ဆင်အသုံးပြုခဲ့သော ကျောက်မီးသွေးလောင်စာသုံး လေမှုတ်စက်ကြီးများကိုလည်း အများပြည်သူလေ့လာနိုင်ရန် ထိန်းသိမ်းပြသထားသည်။ ရန်ကုန်မြို့တွင် လေမှုတ်စက်ရုံနှစ်ခုရှိပြီး ယခု ဗိုလ်တထောင်မြို့နယ် ပင်မလေမှုတ်စက်ရုံတွင် လျှပ်စစ်လေမှုတ်စက် ၄ လုံးနှင့် လမ်းမတော်မြို့နယ် ၁၀ လမ်း၌ လျှပ်စစ်လေမှုတ်စက် ၂ လုံးတပ်ဆင်လည်ပတ် အသုံးပြုလျက်ရှိသည်။ ထိုလေမှုတ်စက်ရုံနှစ်ရုံ၏ အဓိကတာဝန်များမှာ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တတောင်၊ ပုစွန်တောင်၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှ စွန့်ပစ်သော မိလ္လာရေဆိုးများကို လေမှုတ်စက်ရုံမှ လေဖိအားဖြင့် ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်း၌ တည်ရှိသော ရေဆိုးသန့်စင်စက်ရုံသို့ တွန်းပို့၍ သန့်စင်ပြီး ရန်ကုန်မြစ်ထဲသို့ စွန့်ပစ်ခြင်းဖြစ်သည်။ ယခုအခါ မဟာဗန္ဓုလလမ်း၊ အမှတ် (၂၃၃/ ၂၃၇) ရှိ လေမှုတ်စက်ရုံကို ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် သတ်မှတ်ထားပါသည်။