သခင်သာခင်(၁၉၁၇-၁၉၈၆)

Listing Description

သခင်သာခင်ကို မိုးကုတ်မြို့နယ်၊ ကင်းရွာ၌ ၆.၇.၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၃၉ ခုနှစ် (အသက်၂၀ကျော်အရွယ်) ကပင် လူငယ်များသမဂ္ဂအသင်းနှင့် တို့ဗမာအစည်းအရုံးသို့ဝင်ပြီး နိုင်ငံရေးစလုပ်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မိုးကုတ်ဒေသ မြေအောက်တော်လှန်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မိုးကုတ်မြို့နယ် ဖ.ဆ.ပ.လ အဖွဲ့၌ အတွင်းရေးမှူးတာဝန်ယူရင်း ပြည်ကျေးလက်အရှေ့ပိုင်းမဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့ရာ အနိုင်ရပြီး လွတ်တော်အမတ်ဖြစ်ခဲ့သည်။ ထိုနောက် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့တွင် ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲတွင် မိုးကုတ်မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ပြန်အရွေးခံရပြီး အစိုးရအဖွဲ့တွင် သမဝါယမဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင်လည်း မိုးကုတ်မဲဆန္ဒနယ်မှပင် ပြန်အရွေးခံရပြီး ပြည်ထဲရေးဝန်ကြီးအဖြစ် ဖ.ဆ.ပ.လ နှစ်ခြမ်းမကွဲမှီထိ တာဝန်ယူခဲ့သည်။ သခင်သာခင်သည် နိုင်ငံတော်မှချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင်တံဆိပ် (ပထမအဆင့်) နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ရရှိခဲ့သည်။ ၁၉-၄-၁၉၈၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။