ထက်ထက်မိုးဦး

Listing Description

၁၉၇၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အဖ ဦးခင်မောင်ကြည်(မြတ်နိုင်-အနုပညာ) နှင့် အမိ ဒေါ်ခင်မျိုးမြင့်တို့မှ မိုးကုတ်မြို့၊ မြို့မရပ်တွင် မွေးဖွားသည်။ မွေးချင်းမောင်နှမသုံးယောက် ရှိသည်။ သရုပ်ဆောင်လောကသို့ ၁၉၉၁ ခုနှစ်ဝန်းကျင်တွင် မှုန်ရွှေရည် အမည်ဖြင့် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ထက်ထက်မိုးဦးဟု အမည်ပြောင်းလဲလိုက်သည်။

လက်ဦးဆရာမှာ ဒါရိုက်တာ ကိုစန်းအောင်(ကွယ်လွန်) ဖြစ်သည်။ ကြော်ငြာသရုပ်ဆောင် လောကတွင်လည်း သူမတူအောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်။ စိုးသူ၊ စိုးမြတ်သူဇာတို့နှင့် တွဲဖက်ရိုက်ကူးခဲ့သည့် "တကယ့်လူ" ဇာတ်ကားသည် သူမ၏ ပထမဦးဆုံး ဇာတ်ကားဖြစ်သည်။ 

၁၉၉၆ ခုနှစ်တွင် ပန်းသခင် ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် သမီးမိုက် ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆုများ ရရှိခဲ့သည်။

အိမ်ထောင်ရေးအနေဖြင့် ၂၀၀၄ ခုနှစ်တွင် အဆိုတော် အနဂ္ဂနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ၄ နှစ်အကြာ ၂၀၀၈ ခုနှစ်တွင် တရားဝင်လမ်းခွဲခဲ့သည်။ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် သရုပ်ဆောင် စိုင်းလွှမ်းနှင့် လက်ထပ်ခဲ့ပြီး သမီး စစ်လွန်းဝတီထက် ကိုမွေးဖွားခဲ့သည်။ 

အနုပညာအလုပ်များကို အချိန်အတန်ကြာ ရပ်နားထားသည့် သူမသည် ၂၀၁၈ ခုနှစ်တွင် "ထက်ထက်မိုးဦးပြန်လာပြီ" ဟူသော စာနယ်ဇင်းမိတ်ဆက်ပွဲနှင့်အတူ ရုပ်ရှင်ဇာတ်ကားကြီး "ရှယ်ချွေးမ" ကို ရိုက်ကူးခဲ့သည်။ 

၂၀၂၀ ခုနှစ်တွင် ရတနာဆိုင်ရှင်များအတွက် Facebook Live ဖြင့် ဈေးရောင်းပေးရာတွင် အံ့အားသင့်ဖွယ် စံချိန်တင် ရောင်းချပေးနိုင်ခဲ့သည်။