ဘားနဒ်ရွာ

Listing Description

ဘားနဒ်ရွာသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ ရေခဲသည်အထိ အေးလေ့ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ကိုလိုနီခေတ်လက်ရာများကြောင့် ခရီးသွားများ စိတ်ဝင်စားမှုများသည့် ရွာတစ်ရွာဖြစ်ပါသည်။ အင်္ဂလိပ်- မြန်မာ တတိယစစ်ပွဲအပြီး သီပေါမင်း ပါတော်မူပြီးနောက်ပိုင်းတွင် အင်္ဂလိပ်စစ်တပ်များ ယခုဘားနဒ်ရွာတွင် စခန်းချနေထိုင်ခဲ့ကြပြီး အထက်မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး ချားလ်စ်အက်ဒွက်ဘားနဒ်ကို အစွဲပြုကာ ထိုရွာကို ဘားနဒ်ဟုခေါ်ဆိုခဲ့ကြပါသည်။ ယင်းဘားနဒ်ရွာတွင် အင်္ဂလိပ်တို့ လက်ထက်ကတည်းကရှိခဲ့သော လက်နက်ခဲယမ်းတိုက်နှင့် အင်္ဂလိပ်စစ်သင်္ချိုင်းတို့ကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။ အဆိုပါ အင်္ဂလိပ်စစ်သင်္ချိုင်းသည် ဘားနဒ်ရွာ၏ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိကာ ကျဆုံးခဲ့သော တပ်သားများ၏ အမည်များရေးထိုးထားသည့် ကမ္ပည်းမှတ်တိုင် အုတ်ချပ်ပြားများအရေအတွက် ၅၀ ခန့်ရှိပါသည်။ ယခင်က ထိုအင်္ဂလိပ်စစ်သင်္ချိုင်းတွင် အုတ်ဂူအရေအတွက် ၁၀၀ ဝန်းကျင်ခန့်ရှိခဲ့သည်ဟုသိရပြီး နောက်ပိုင်းတွင် ရာသီဥတုဒဏ်များကြောင့် အုတ်ဂူအရေအတွက် ၅၀ ခန့်သာကျန်ရှိတော့ပါသည်။ ဘားနဒ်ရွာသည် ဆောင်းရာသီကာလများတွင် အပူချိန် အနုတ်ဒီဂရီအထိကျဆင်းတတ်သောကြောင့် ရေများခဲနေတတ်သဖြင့် မိုးကုတ်မြို့မှတစ်ဆင့် လာရောက်လည်ပတ်သော ခရီးသွားများဖြင့် စည်ကားလျက်ရှိပါသည်။