အောင်ရွှေဘုံသာဓမ္မဗိမာန်ကျောင်းတော်ကြီး(ပရိယတ္တိသဒ္ဓမ္မပါအောင်မြေဘုံသာရှမ်းကျောင်း)

Listing Description

အောင်ရွှေဘုံသာဓမ္မဗိမာန်ကျောင်းတော်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အကွက် (၅) ၊ ပြည်လမ်း၊ အမှတ် (၄)၊ ပရိယတ္တိသဒ္ဓမ္မပါအောင်မြေဘုံသာရှမ်းကျောင်း (ကိုးမိုင် ရှမ်းကျောင်းတိုက်) အတွင်းတည်ရှိသည်။ ကျောင်းတော်ကြီးသည် အေဒီ ၁၉ ရာစုအလယ်ခန့်တွင် ရန်ကုန်သို့ပထမဆုံး အခြေချလာရောက်နေထိုင်ခဲ့သော ဇောတိရှမ်းတို့မှ ၁၉၀၈ ခုနှစ်တွင် အင်္ဂလိပ်အစိုးရခွင့်ပြုချက်ဖြင့် တည်ဆောက်လှူဒါန်းခဲ့သည့် အနောက်တိုင်းဟန်အုတ်ကျောင်းတော်ကြီး ဖြစ်သည်။ ကျောင်းဆောင်ကြီးသည် အရှေ့ဘက်အရပ်သို့မျက်နှာမူလျက် တောင်နှင့်မြောက် အလျားလိုက်တည်ရှိနေကာ ဘေးတစ်ဖက်တစ်ချက်တွင် အုတ်လှေကားကြီးတစ်စင်းစီ သွယ်ထားပြီး ကျောင်းကြီး၏ အဓိကလှေကားကြီးကို အရှေ့မျက်နှာစာတည့်တည့်တွင် ထပ်ဆင်ထားသည်။ ခြုံငုံသုံးသပ်လျှင် အနောက်တိုင်းဟန် အဆောက်အဦးတစ်ခုဟုဆိုသော်လည်း ကျောင်းကြီး၏ လှေကားများ၏ လက်ရန်းများတွင် မြန်မာမှုသရက်ကင်းများ တပ်ဆင်ထားသည်ကိုတွေ့မြင်ရပါမည်။ ကျောင်းဆောင်ကြီး၏ အနောက်ဖက်တွင် ထိုင်တော်မူနှီးဘုရားကြီးတစ်ဆူ ကိန်းဝပ်ပူဇော်ထားသော နှစ်ထပ်ကျောင်းဆောင်သစ်ကြီးကိုလည်း တွေ့မြင်နိုင်ပါသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ရှမ်းလက်ရာဗိသုကာပုံစံ စေတီတစ်ဆူတည်ထားကိုးကွယ်ထားပြီး ကျောင်းဝင်း၏ ခြံစည်းရိုးနှင့်ကပ်လျက်တွင် သက္ကရာဇ် ၁၂၆၃ ခုနှစ်တွင် ရေးထိုးထားသော ကမ္ဗည်းကျောက်စာတိုင် တစ်ခုကိုလည်း မြင်တွေ့ရပါမည်။ ယခုအခါ အောင်ရွှေဘုံသာ ဓမ္မဗိမာန် ကျောင်းတိုက်အား ယနေ့ခေတ်လက်ရာများထက် မနိမ့်ကျသော အိမ်ရာတည်ဆောက်မှုဖြင့် တွေ့နိုင်ပြီး ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အဦးတစ်ခုအဖြစ်လည်း တည်ရှိလျက်ရှိသည်။