သိပ္ပံမှူးတင် (၁၉၂၄ - ၂၀၁၅)

Listing Description

၁၉၂၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အဖ သစ်တောစာရေးကြီး ဦးလေး မောင်နှင့် အမိ ဒေါ်စောတို့မှ မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀ ယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။ အမည်ရင်းမှာ ဦးတင်မောင်ဖြစ်ပြီး ငယ်အမည်မှာ မောင်ဘအေးဖြစ်သည်။ ငယ်စဉ်က မိုးကုတ်မြို့ လှည်းဝိုင်းရပ်ရှိ ဆရာမှိုင်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၃၄ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ကသာမြို့တွင်လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် မန္တလေးမြို့၌လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြစ်ကြီးနားမြို့တွင်လည်းကောင်း ပညာသင်ကြားခဲ့သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ၌ မြစ်ကြီးနားမြို့ ကျောင်းသားသမဂ္ဂကော်မတီဝင်အဖြစ် လည်းကောင်း၊ ၁၃၀၁ ခုနှစ်တွင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးနောက် နယ်ချဲ့တော်လှန်ရေး ဘီအိုင်အေတပ်သို့ ဝင်ခဲ့သည်။

ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်းပထမပတ်၊ ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်ပထမပတ်၊ မေမြို့ဂျေစီပထမပတ်၊ စစ်ဦးစီး တက္ကသိုလ် ဆဌမပတ်(မင်္ဂလာဒုံ)၊ စစ်အင်ဂျင်နီယာအရာရှိ ငယ်သင်တန်း (အိန္ဒိယ)၊ စစ်အင်ဂျင်နီယာတပ်ခွဲမှူးသင်တန်း တပ်ခွဲမှူးသင်တန်း (အိန္ဒိယ)နှင့် စစ်အင်ဂျင်နီယာ တက္ကသိုလ်ဒီဂရီ သင်တန်း(အိန္ဒိယ)တို့မှ သင်ကြားတတ်မြောက်အောင်မြင်ခဲ့သည်။

တာဝန်အရ အမေရိကန်၊ တရုတ်နှင့် ဥရောပတိုက်သို့ ရောက်ရှိခဲ့သည်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ်နှင့် ဗမာ့ တပ်မတော်တွင် ၂၃ နှစ် အမှုထမ်းခဲ့ပြီး ၁၉၆၄ ခုနှစ်၌ ဗိုလ်မှူးဘဝ နှင့် အငြိမ်းစားယူခဲ့သည်။ မော်ကွန်းဝင်ပထမဆင့်၊ နိုင်ငံဂုဏ်ရည် ပထမဆင့်နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှပေးသော ဆေးလိပ်(သို့) ကျန်းမာရေးဆုတံဆိပ်များ ရရှိခဲ့သည်။

၁၉၆၅ ခုနှစ်တွင် အိခေယဲဆခိ ကြယ်တံခွန်ပေါ်ထွန်းမှု အကြောင်း ဆောင်းပါးရေးရာမှစ၍ သိပ္ပံဆောင်းပါး ပေါင်း ၄ဝဝ ကျော် ၅ဝဝခန့်ရေးသားခဲ့သည်။

ဆောင်းပါးများကိုစု၍ ယနေ့ သိပ္ပံအမှတ် ၁၊၂၊၃၊၄၊၅ စာအုပ်များ ထုတ်ဝေခဲ့သည်။ ရေဒီယိုဟောပြောရေးများကိုစု၍ သိပ္ပံအကြောင်း သိကောင်းစရာစာအုပ်ထုတ်ဝေခဲ့သည်။ နေနှင့်လူသား၊ သိပ္ပံ ပဒေသာ၊ စက်ရုံလုပ်သား၊ ဒိုင်နိုစော စသည့်စာအုပ်များ ထုတ်ဝေ ခဲ့သည်။

ဆရာကြီး သိပ္ပံမှူးတင်သည် ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။