ဘိလပ်ပြန်သန်း(ခေါ်)ဒိုရာသန်းအေး

Listing Description

ဘိလပ်ပြန်သန်း_ခေါ်_ဒိုရာသန်းအေး 

ဒေါ်သန်းအေး (ဘိလပ်ပြန် သန်း) သည် လူသိများသည့် အဆိုတော် ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ (၂၅) နှစ်ကြာ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီးလည်း ဖြစ်သည်။ 

၂၀ရာစု နှစ်ဆန်းပိုင်းကာလတွင် ဘိလပ်ပြန်သန်း အဖြစ် နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး၊ လူမှုဝန်ထမ်းတစ်ဦးအနေဖြင့်လည်း ကုလသမဂ္ဂတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ 

သူသည် ဩစတြီးယားလူမျိုးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဝါနာဖန်းနှင့် အိမ်ထောင်ကျခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်စွာရင်းနှီးသူလည်းဖြစ်၊ 'စု' မိဘများ၏ မိသားစုသူငယ်ချင်း ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ကာ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်စေလိုသူလည်းဖြစ်သည်။

ဒေါ်သန်းအေးသည် နှစ်ခြင်းခရစ်ယာန် မိသားစု၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ဆရာအတတ်သင်ကောလိပ်တွင် တက်ရောက်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်များ မြန်မာနိုင်သို့ ဝင်ရောက်သိမ်းပိုက်ချိန်၌ ဒေါ်သန်းအေးသည် အိန္ဒိယသို့ တိမ်းရှောင်နေထိုင်ခဲ့ပြီး၊ အားလုံးအတွက် အိန္ဒိယရေဒီယို (All India Radio, AIR) မြန်မာပိုင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့၍ ကျန်ရှိသည့် သူ့၏ဘဝကို ပြည်ပနိုင်ငံများတွင်သာ ကုန်ဆုံးခဲ့သည်။

ဘဝအစ

ဒေါ်သန်းအေးကို ရန်ကုန်မြို့၌ မိဘများဖြစ်သူ ဦးပိုမြ နှင့် ဒေါ်ထူးတို့မှ မွေးဖွားခဲ့သည်။ ဖခင်သည် ဥရောပကုန်သွယ်ရေး ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့ပြီး၊ မြန်မာစာနှင့် ပါဠိဘာသာရပ်ကို အမှတ်(၆) ဗိုလ်တထောင်၊ စိန့်ပေါ အမျိုးသားကျောင်းတွင် ဆက်လက် သင်ကြားပို့ချခဲ့သည်။ ထို့အပြင် အင်္ဂလိပ်လူမျိုးများ မြန်မာနိုင်ငံတွင် မြန်မာ့အစိုးရနှင့် ဆက်သွယ်ရန် သို့မဟုတ် စီးပွားရေးလုပ်ကိုင်နိုင်ရန် မြန်မာစာတတ်မြောက်ကြောင်း အောင်လက်မှတ်ပြသနိုင်ရန်အတွက်လည်း သင်ကြားမှုများပို့ချခဲ့သည်။

ဆောင်းပါးရှင် ဘိုဘို...က BBC Websiteတွင် ဒိုရာသန်းအေး ခေါ် ဘိလပ်ပြန်သန်း အကြောင်းကို အောက်ပါအတိုင်း ရေးသားခဲ့သည်။


ဒိုရာသန်းဧ_နှစ်၁၁ဝ

ဘိုဘို

ဘီဘီစီမြန်မာပိုင်း

၁၄ မတ် ၂၀၁၈

မြန်မာ ခေတ်ဟောင်းတေး တွေထဲမှာ နာမည် အကြီးဆုံး တေးတပုဒ်က မြပန်းခွေ ဖြစ်ပါတယ်။ အလားတူပဲ လှေကလေးကို လှော်မည် အစချီတဲ့ လှေကလေး သီချင်းကလည်း ထင်ရှားပါတယ်။

ဒီသီချင်းတွေကို သီဆိုသွားသူကတော့ ဘိလပ်ပြန်သန်းလို့ လူသိများတဲ့ ဒိုရာသန်းဧ ဖြစ်ပါတယ်။

ဒေါ်သန်းဧဟာ ၁၉ဝ၈ ခုနှစ် ဖေဖော်ဝါရီလမှာ မွေးခဲ့သူမို့ ခု သက်ရှိထင်ရှား ရှိသေးရင် အသက် ၁၁ဝ ရှိတော့မှာပါ။ သူ မြန်မာပြည်မှာ မရှိတော့တာ ကြာပြီ ဖြစ်ပေမယ့် သူ့သီချင်းတွေကတော့ ခုချိန်ထိ သီဆို နေကြဆဲ ဖြစ်ပါတယ်။

ဒေါ်သန်းဧဟာ ရန်ကုန် ဇာတိ ဖြစ်ပြီး မက်သဒစ်ကျောင်းနဲ့ ရန်ကုန် တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပါတယ်။

မြန်မာပြည်ရဲ့အမြုတေရတနာ

ဘင်တန်လို့ ခေါ်တဲ့ သီရိဆောင်မှာ ကျောင်းအိပ် ကျောင်းစား နေခဲ့ပြီး ပထမဆုံး အမေရိကန်က မဟာသိပ္ပံဘွဲ့ရ မြန်မာ အမျိုးသမီး ဖြစ်တဲ့ ဒေါ်မမခင် ၊ ကရင်ပြည်နယ် ဝန်ကြီး မစ္စစ် ဘမောင်ချိန်၊ နိုင်ငံတော် ကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီး ထွန်းမြတ် တို့နဲ့ ကျောင်းနေဘက် ဖြစ်ပါတယ်။

ဒေါ်သန်းဧဟာ ဂျပ်ဆင် ဘုရားကျောင်းမှာ သီချင်းဆိုခဲ့ပြီး ကောလိပ်မှာလည်း ဂလီး ကလပ် လို့ ခေါ်တဲ့ အဆို ကလပ်မှာ ပါပါတယ်။

တက္ကသိုလ် တည်ဆောက်ရေး ရန်ပုံငွေ အတွက် ဂျူဗလီဟော ဖျော်ဖြေပွဲမှာ ဒေါ်သန်းဧ စုံတွဲ သီချင်း သီဆိုခဲ့ပါတယ်။

တက္ကသိုလ် သမဂ္ဂမှာ ကျင်းပတဲ့ စကားရည်လုပွဲတွေမှာ ဒေါ်သန်းဧနဲ့ ဒေါ်မြစိန် စတဲ့ နာမည်ကျော် အမျိုးသမီးတွေ ယှဉ်ပြိုင်တတ်ကြပြီး ဒေါ်သန်းဧ အင်္ဂလိပ်ဘာသာနဲ့ ပြောဆိုပုံဟာ မင်းသမီး လေဘာတီ မမြရင် အမူအရာနဲ့ တူတယ်လို့ စာရေးဆရာ လက်ဝဲမင်းညိုက မှတ်တမ်းတင်ခဲ့ပါတယ်။

အသက် ၂ဝ မှာ ဘွဲ့ရပြီးနောက် ရန်ကုန် ကူရှင် ကျောင်းမှာ အင်္ဂလိပ်စာ ဆရာမ အဖြစ် သင်ပြ ပေးခဲ့ပြီး ၂ နှစ် အကြာမှာတော့ အစိုးရ ပညာတော်သင်ဆု ရလို့ လန်ဒန် တက္ကသိုလ် ပညာရေး ဌာနမှာ ဒီပလိုမာဘွဲ့ သင်ကြားခဲ့ပါတယ်။

လန်ဒန်မြို့ ချယ်လ်ဆီးရပ်က သမိုင်းဝင် ခရော့စ်ဘီ ဟော အဆောင်မှာ ဒေါ်သန်းဧ နေထိုင်ခဲ့ပါတယ်။

၁၉၃၁ မှာပဲ ဒေါ်သန်းဧဟာ ဗြိတိသျှ တော်ဝင် အနုပညာ အကယ်ဒမီ ကျောင်းက ပန်းချီဆရာကြီး ဂျယ်ရယ် ကယ်လီ အတွက် စံပြမယ် အဖြစ် ပုံဆွဲခံခဲ့ပါတယ်။

မြန်မာပြည် ပြန်ရောက်ပြီးနောက် တီတီစီ ဆရာဖြစ်သင် ကောလိပ်မှာ အင်္ဂလိပ်စာ သင်ပြခဲ့ပါတယ်။

သူ့တပည့်တွေထဲမှာ သမ္မတ စဝ်ရွှေသိုက်ရဲ့ ဒေဝီ တပါး ဖြစ်တဲ့ ဒေါ်မြဝင်းနဲ့ သတင်းစာ ဆရာမ ဒေါ်ခင်စီ စသူတွေ ပါဝင်ပါတယ်။

အေဝမ်း ရုပ်ရှင်ကားတွေကို ဗြိတိသျှဘုရင်ခံ လာကြည့်ရင် ဒေါ်သန်းဧနဲ့ အစ်ကို ဖြစ်သူတို့က စကားပြန် လုပ်ပေးတဲ့ ဓာတ်ပုံတွေလည်း ဒဂုန်မဂ္ဂဇင်းမှာ ပါခဲ့ဖူးပါတယ်။

နောက် အစ်ကို ဖြစ်သူ ဦးသောင်းတင်ရဲ့ မိတ်ဆွေ ရုပ်ရှင်မင်းသား ဦးညီပု က ကမ်းလှမ်းလာတဲ့ အတွက် မြပန်းခွေ သီချင်းကို အေဝမ်း ကုမ္ပဏီ အတွက် ဓာတ်ပြား သွင်းပေးခဲ့ပါတယ်။

ဒီဓာတ်ပြားရဲ့ အောင်မြင်မှုကြောင့် ကိုလံဘီယာ ဓာတ်ပြားတိုက် အတွက် သီချင်းဓာတ်ပြားတွေ သွင်းပေးခဲ့ပါတယ်။

ရွှေတိုင်ညွန့်ရေးစပ်ပြီး ဒေါ်သန်းဧ သီဆိုတဲ့ လှေကလေး၊ ဆောင်းကတ္တီပါ၊ လသာတဲ့ည၊ မိဘုရားစော၊ ချစ်ရောင်ခြည် စတဲ့ သီချင်းတွေဟာ ယနေ့ထိ အကြိမ်ကြိမ် ပြန်လည် သီဆိုခဲ့ပြီး ဖြစ်ပါတယ်။

အနောက်တိုင်းတေးတွေကို မှီငြမ်းပြု စပ်ဆိုထားတာ ဖြစ်ပေမယ့် စာသား ကြွယ်ဝမှုနဲ့ ဒေါ်သန်းဧရဲ့ ဆိုပုံ ပိုင်နိုင်မှု တွေကြောင့် ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

အေဝမ်းမှာ သီဆိုစဉ်က ခေတ်ပညာတတ် နိုင်ငံခြားပြန် အမျိုးသမီး တယောက် သီဆို ဓာတ်ပြားသွင်းမယ် ဆိုပြီး ကြော်ငြာ ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘိလပ်ပြန် သန်း အမည်နဲ့ ထင်ရှားလာခဲ့ပါတယ်။

ဗြိတိန်ကို ဘိလပ်လို့ ခေါ်ရာက ဘိလပ်ပြန် အရှင်ကျော်၊ ဘိလပ်ပြန် စောင်းဆရာညိမ်း စတဲ့ သူတွေလို ဘိလပ်ပြန် ရှေ့ကထည့်ပြီး သူ့ကို ခေါ်ဝေါ် ခဲ့ကြတာပါ။

မြန်မာပြည်ရဲ့ ခေတ်ပေါ် ဂီတကို စတင်သူ တယောက် အဖြစ် မေရှင်၊ ဘိလပ်ပြန်သန်းနဲ့ မောင်တင်မောင် စတဲ့ အဆိုတော်တွေကို လူသိများခဲ့ပါတယ်။ သူကိုယ်တိုင် အနောက်တိုင်းတေးသွားတွေကို သီဆိုခဲ့ပေမယ့် ဒီလို တေးသွားယူ စပ်ဆိုတဲ့ မြန်မာ သီချင်းတွေကိုတော့ ဒေါ်သန်းဧက ဝေဖန်ခဲ့ပါတယ်။

ဒီဝေဖန်ချက်ကို ရန်ကုန် တက္ကသိုလ် မဂ္ဂဇင်းပါ မင်းသုဝဏ် ရဲ့ မောင်ခွေးဖို့ ကဗျာများ စာအုပ် ဝေဖန်စာမှာ သူက M.T.E အမည်နဲ့ အင်္ဂလိပ်လို ရေးခဲ့တာပါ

ဒေါ်သန်းဧရဲ့ စန္ဒရား လက်သံကိုလည်း မေရှင်ရဲ့ ကျောင်းပိတ်ရက် သီချင်းမှာ နားဆင်နိုင်ပါတယ်။

ဒီလို နာမည်ကြီးလာချိန်မှာပဲ စန္ဒရား ဆရာ တယောက် အကြောင်း နောက်ခံပြုတဲ့ ရုပ်ရှင်ကားကို ရန်ကုန် တက္ကသိုလ် သမဂ္ဂ ရန်ပုံငွေ အတွက် ရိုက်ဖို့ ဘိလပ်ပြန်သန်းနဲ့ အဆိုတော် ချစ်ဒုက္ခ ဦးဘညွန့်တို့ကို ဒဂုန်တာရာ နဲ့ သမဂ္ဂ ခေါင်းဆောင်တွေက ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီရုပ်ရှင် မရိုက်ဖြစ်ဘဲ ဒီဇာတ်လမ်းကို ဒဂုန်တာရာက ဝတ္ထု ရေးခဲ့ပါတယ်။

စစ်အတွင်းမှာတော့ အိန္ဒိယ လိုက်သွားပြီး အောအင်းဒီးယား အသံလွှင့်ရုံမှာ တာဝန်ထမ်းခဲ့ပါတယ်။ စစ်အတွင်း သူနဲ့ အိန္ဒိယမှာ ရင်းနှီးခဲ့ကြသူတွေထဲ အမေရိကန်ပြန် စာရေးဆရာ ညိုမြနဲ့ သိန်းဖေမြင့် တို့လည်း ပါပါတယ်။

စစ်ပြီးခါနီးမှာ အမေရိကန် သွားပြီး ဗီအိုအေမှာ လုပ်ကိုင်ခဲ့သလို တည်ထောင်စ ကုလသမဂ္ဂ မှာ အလုပ်ရှာခဲ့ပါတယ်။

၁၉၄၇ မှာ ဗိုလ်ချုပ် အောင်ဆန်းတို့ လန်ဒန် လာချိန်မှာ တော့ သူရောက်လာပြီး သီဆို ဖျော်ဖြေခဲ့ပါတယ်။

မြန်မာပြည်ကို ပြန်လာဖို့ ဗိုလ်ချုပ် အောင်ဆန်းက ခေါ်ခဲ့ပေမယ့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး နောက်ပိုင်း ပြန်မလာတော့ဘဲ နယူးဒေလီ၊ နယူးယော့၊ အယ်လ်ဂျီးယားစ် စတဲ့ နေရာတွေမှာ ကုလသမဂ္ဂ ဝန်ထမ်း အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

နယူးဒေလီမှာ ဒဂုန်တာရာတို့နဲ့ ပြန်တွေ့တဲ့ ဒေါ်သန်းဧဟာ ဂျာနယ်ကျော် မမလေး ဆီက လျက်ဆား တောင်းတယ်လို့ ဒဂုန်တာရာ က မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါဟာ ဒေါ်သန်းဧရဲ့ မြန်မာစိတ် မပျောက်တာကို ပြနေတာ လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂမှာ ၂၄ နှစ် အမှုထမ်းရင်း သြစတြီးယား အမျိုးသား ဓာတ်ပုံဆရာ ဝါနာဖန်းနဲ့ အိမ်ထောင်ကျပြီး ဗီယင်နာမှာ နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နယူးယော့မှာလည်း ၃ နှစ် အတူ နေခဲ့ပါတယ်။

ခင်ပွန်း ကွယ်လွန်ပြီးနောက်  အောက်စဖို့ဒ် မြို့မှာပဲ ၂ဝဝ၇ ခုနှစ် ဇွန်လ ၁၇ ရက် အသက် ၉၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုးကား - Wikipedia & bbc.com

#ဆောင်းလုလင်စုစည်းတင်ပြသည်