စိမ့် (ပညာရေး)

Listing Description

စာရေးဆရာမ တစ်ဦးဖြစ်ပြီး စာရေးဆရာ တက္ကသိုလ်စိန်တင်၏ ဇနီးလည်းဖြစ်သည်။ စိမ့်-ပညာရေးကို မော်လမြိုင်မြို့ ဦးဘမှန်(လျှပ်စစ်-ငြိမ်း)နှင့် ဒေါ်နှင်းရွှေတို့မှ မွေးဖွားသည်။ မွေးချင်းခြောက်ဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ ငယ်အမည်မှာ မတင်စိန် ဖြစ်သည်။ ငယ်စဉ်က မော်လမြိုင်မြို့ မော်တင်လိန်း မိန်းကလေးကျောင်း၊ အမှတ်(၁)အစိုးရအထက်တန်းကျောင်း၊ မော်လမြိုင်ဥပစာကောလိပ် တို့တွင်ပညာသင်ကြားခဲ့သည်။

၁၉၆၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၆၄-ခုနှစ်တွင် ရန်ကုန် ပညာရေးမဟာဌာနမှ ဘီအီးဒီဘွဲ့၊ ၁၉၇၆-ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့များ ရရှိခဲ့သည်။

၉၅၅-ခုနှစ်တွင် မော်လမြိုင်မြို့ အမှတ်(၁)အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြ ဆရာမအဖြစ် အမှုထမ်း၍ ၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့၊ကြည့်မြင်တိုင် အမှတ်(၃)အစိုးရအထက်တန်းကျောင်း၊ တာမွေမြို့နယ် အမှတ်(၃)အစိုးရအထက်တန်းကျောင်း၊ အင်းစိန်မြို့နယ် အမှတ်(၄)အစိုးရအထက်တန်းကျောင်းတို့တွင် အမှုထမ်းခဲ့သည်။

၁၉၇၁-ခုနှစ်တွင် ပညာရေးတက္ကသိုလ်သို့ ပြောင်းရွှေ့အမှုထမ်းပြီး ကထိကရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။

တိုင်းရင်းမေဂျာနယ်၊ ယုဝတီဂျာနယ်၊ သင့်ဘဝမဂ္ဂဇင်းတို့တွင် တင်ဝဇီ(ရွှေမြိုင်) ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ၁၉၇၆-ခုနှစ်တွင် စိမ့်(ပညာရေး) ကလောင်အမည်ဖြင့် ဒိုင်းခင်ခင် (ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ)၊ ပုဂံရွှေရုပ်လွှာ(၁)(၂)၊ ပတ္တမြားငမောက်၊ ရာဇဓာတုကလျာ၊ ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ စသည့် လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာဓမ္မခရီးသည် စာအုပ်နှင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ စာအုပ်တို့ကို တက္ကသိုလ်စိန်တင်နှင့် တွဲဖက်၍ ရေးသားခဲ့သည်။

မိုးမခမြိုင်၊ (၄၆) ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၌ နေထိုင်လျက်ရှိပြီး စာအုပ်စာပေ များကို ရေးသား ပြုစုလျက် ရှိသည်။

ရေးသားခဲ့သော စာပေများ

ဒိုင်းခင်ခင် (ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ)

မြန်မာ့နန်းစဉ်ရတနာ ပတ္တမြားငမောက်

ပုဂံရွှေရုပ်လွှာ(၁)

ပုဂံရွှေရုပ်လွှာ(၂)

ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်

ရာဇဓာတုကလျာ

ပန်ထွာဘုရင်မ

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ (တက္ကသိုလ်စိန်တင်နှင့်တွဲဖက်၍)

၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာ ဓမ္မခရီးသည် (တက္ကသိုလ်စိန်တင်နှင့်တွဲဖက်၍)