ရန်ကုန်-သန်လျင်တံတားအမှတ်(၂)

Listing Description

ရန်ကုန်-သန်လျင်တံတား အမှတ် (၂)သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သံလျင်မြို့တို့ကို ဆက်သွယ်ပေးထားသော တံတားတစ်ခုဖြစ်ပါသည်။ ရန်ကုန်နှင့် သန်လျင်ကို စည်းခြားထားသော ပဲခူးမြစ်ကိုဖြတ်ကျော်၍ ဆောက်လုပ်ထားသည့် သံကူကွန်ကရစ် တံတားကြီးတစ်စင်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင်း/မြို့ပြင်သို့ သီလဝါဆိပ်ကမ်းမှ ကွန်တိန်နာ ကုန်ကားကြီးများ ဖြတ်သန်းသွားလာရာတွင် ၎င်းတံတားကြီးပေါ်မှ ပေါင်းကူးသွားလာနိုင်ခွင့်ကို အထူးပေးစွမ်းလျက်ရှိသည်။ ပဲခူးမြစ်သည် ဒီရေအတက်အကျရှိနေ၍ ရေစီးအလွန်သန်သည်။ တံတားအုတ်မြစ်လုပ်ငန်းဆောင်ရွက်ခဲ့စဉ်က Foundation Depth နက်ခြင်း၊ ရေစီးကြမ်းခြင်း၊ ဝဲကတော့ များထိုးခြင်းတို့ကြောင့် Under Water Foundation၊ Bored Pile Foundation လုပ်ငန်းများကို Staging များ တည် ဆောက်၍ RCD Method ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ Shaft Top ပေါ်တွင် Cantilever Beam များကို တည်ဆောက်ခဲ့ကြ သည်။ တံတားကြီး၏ Cantilever Beam များကို တည်ဆောက်ခဲ့စဉ် ငြမ်းအဖြစ် Baily Frame များကို Over Handing Method ကိုအသုံးပြု၍ ရေပြင် အထက်လေထဲတွင် တစ်ဆင့်ချင်းခက်ခဲစွာ ငြမ်းထိုး ဆောင်ရွက်ခဲ့ကြရကြောင်း မှတ်သားရပါသည်။ ပင်မတံတား ရေလယ်တိုင်ကြီးများပေါ်တွင် ပေ ၁၆၀ အကျယ်ခန်းများအတွက် တစ်ခန်းလျှင် ပေ ၁၁၀ အရှည်ရှိ PC Girder များ ၁၅ လုံးအား Canti-lever Beam ပေါ်တွင် တင်၍ တည်ဆောက်ထားကြောင်း သိရသည်။ တံတားကြီး အရှည်မှာ ပေ ၄၅၄၀ ၊ တံတားအကျယ် ၈၄ ပေ၊ ကားလမ်း အကျယ် ၇၂ ပေနှင့် လူသွားလမ်းအကျယ် ခြောက်ပေနှစ်ဖက်ပါရှိသည်။ ခွင့်ပြုဝန်အလေးချိန် ၇၅ တန်ရှိသော သံကူကွန်ကရစ်တံတားကြီးကို ၂၀၀၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ၊ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။