တောင်ငူ ၇၄၂ နှစ်၊ ကေတုမတီ ၅၁၀

Listing Description

သောင်းကေတု

တောင်ငူသည် မြန်မာ့ရာဇဝင်၌ ထင်ရှားသော မြို့တစ်မြို့ ဖြစ်သည်။ ပုဂံဧကရာဇ်နိုင်ငံ ပြိုကွဲပြီးနောက် မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ပဲခူး၊ မုတ္တမ စသည်ဖြင့် မြို့ပြ နိုင်ငံငယ်များ ပေါ်ထွန်းလာသည်။ ပုဂံပြည့်ရှင် နရသီဟ ပတေ့မင်း လက်ထက်တွင် တောင်ငူမြို့ကို သဝန်ကြီးမင်း (သဝန်ညီနောင်)က ပဲခူးရိုးမအနီးတွင် စတင်တည်ထောင် သည်။  နောင်နှစ်ပေါင်း ၂၀၀ ကျော်သောအခါ တောင်ငူ မင်းများ တန်ခိုးဩဇာကြီးမားကာ မြန်မာတစ်နိုင်ငံလုံးကို စည်းရုံး၍ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင် ခဲ့ကြသည်။

တောင်ငူအစ သဝန်ညီနောင်က

သက္ကရာဇ် ၅၅၃ ခုနှစ်တွင် ပုဂံပြည့်ရှင် နရပတိစည်သူ မင်းကြီးသည် တိုင်းခန်းလှည့်လည်စဉ် မြတ်စောညီနောင်၊ ရှင်ပင်ကျောက်ဆောက်နှင့် ကမ်းနီ မြသိတင်ဘုရားတို့ကို ပြုပြင်ခဲ့သည်။ ထို စေတီပုထိုးများကို စောင့်ရှောက်ရန် အတွက်  သမက်တော်  ရန်မန်ငထွေး(အနန္တသူရိယ)ကို ဆွာချောင်းရှိ ကမ်းပါးမြင့်ရွာကို ပေးအပ်ခဲ့သည်။ ရန်မန် ငထွေး၏သား မင်းလှစော၊ မင်းလှစော၏သား သဝန် လကျ်ာ  လက်ထက်တွင်  ကမ်းပါးမြင့်ရွာသည် လူဦးရေ များပြား စည်ကားလာသဖြင့် ကြခတ်ဝရံမြို့အသစ် တည် ထောင်ကာ ပြောင်းရွှေ့သည်။ ကြခတ်ဝရံမြို့အကြောင်းကို ကြားသိသော မွန်မင်းက လာရောက်တိုက်ခိုက်သိမ်းယူပြီး သဝန်လက်ျာမိသားစုကို  ဖမ်းဆီးခေါ်ဆောင်သွားကာ ပျူရွာတွင် အကျယ်ချုပ်ထားခဲ့သည်။ ယင်းပျူရွာမှာ ယခု ဖြူးမြို့နယ်တွင်ရှိသည်ဟု တောင်ငူသမိုင်းတွင် ဆိုသည်။

တစ်နေ့တွင်  သဝန်လက်ျာသည်  သားတော်  သဝန် ညီနောင်နှစ်ဦးတို့အားခေါ်၍ "ဤအရပ်သည် ငါတို့ရပ်ရွာ မဟုတ်၊ လွတ်သာလျှင် ပေါင်းလောင်းမြစ်ကို ဆန်တက်၍ လက်ဝဲဘက်ကချောင်းထဲတွင် ငါတို့မြို့ဟောင်းရာ  တောင် ပူစာ တောင်အငူငယ်တစ်ခုရှိသည်။ ထိုနေရာတွင် မြို့ရွာ တည်၍နေကြ"ဟု မှာခဲ့သည်။ ဖခင်ကွယ်လွန်လျှင် ပျူရွာမှ ပေါင်းလောင်းမြစ်ကိုဆန်ကာ ထွက်ပြေးကြသည်။ ခပေါင်း ချောင်းကို တွေ့လျှင် အဖမှာခဲ့သော ဆွာချောင်းအမှတ်ဖြင့် ဝင်ခဲ့ကြသည်။ ပဲခူးရိုးမအနီးသို့ရောက်မှ တောင်ပူစာအငူ ကို တွေ့ရသဖြင့် "တောင်ငူ"ဟု သမုတ်ကာ မြို့တည်ကြ သည်။ အေဒီ ၁၂၈၇ ကောဇာ သက္ကရာဇ် ၆၄၀ တွင် တည် သည်။  တောင်ငူသမိုင်းတွင်  ကြခတ်ဝရံကို  လာရောက် တိုက်ခိုက်သောမင်းမှာ ဝါရီရူမင်းဟု ဆိုသော်လည်း ဝါရီရူ မုတ္တမကိုရသည်မှာ သက္ကရာဇ် ၆၄၃ ခုဖြစ်နေ၍ တောင်ငူ မြို့ကိုတည်သောနှစ်ထက်   နောက်ကျနေသဖြင့်    ဝါရီရူ မဖြစ်နိုင်ပါ။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၂/၆)မှ လက်ဝဲဘက် (အနောက်ဘက်) တစ်မိုင်ခန့်အကွာ တွင် တည်ရှိသည့် တောင်ကုန်းငယ်ပေါ်တွင် ဘုရားစေတီ ပုထိုးများကို မြင်နိုင်သည်။  ထိုနေရာသည်ကား ပထမဆုံး တည်သော "တောင်ငူမြို့" ဖြစ်ပေသည်။  တောင်ငူတော၊ တောင်ငူငယ်ဟု  ယခုအခါ  ခေါ်သည်။ ယခုနှစ် ၁၃၈၂ ခုနှစ်တွင် မြို့သက်တမ်း ၇၄၂ နှစ် ရှိပါပြီ။

မြင်စိုင်း ၆၆၆၊ ပင်းယ ၆၇၄၊ စစ်ကိုင်း ၆၇၅၊ အင်းဝ ၇၂၆ မြို့များထက် ပိုစောသည်။   တစ်နှစ်နေပြီးနောက် တောင်ငူငယ်သည်  နေရာ  အကွက်အကွင်းမကျ၊ ကျဉ်း မြောင်းသဖြင့် ခပေါင်းချောင်း မြောက်ဘက်ကမ်း မင်းဝံ တောင်ကုန်းပေါ်သို့ ပြောင်းရွှေ့ကာ မြို့သစ်တည်သည်။ "ဓညဝတီ"တောင်ငူမြို့ဟု သမုတ်ပြီး ယခုအခါ "တောင်ငူ ကြီး"ဟု ခေါ်သည်။ အေဒီ ၁၂၇၉(ကောဇာသက္ကရာဇ် ၆၄၁) ခုနှစ်တွင် တည်သော တောင်ငူကြီးတွင် သဝန်ကြီးမှစကာ (၂၈)ဆက်မြောက် မင်းစည်သူအထိ စိုးစံခဲ့ပြီး မြို့သက် ၂၀၆ နှစ် ကြာခဲ့သည်။

(၂၉)ဆက်မြောက် နန်းတက်လာသော မင်းကြီးညို (၈၄၇-၈၉၂)သည် တောင်ငူကြီးမြောက်ဘက် တာ ၅၀၀ အကွာ ပုတ်ပဲချောင်းကမ်းတွင် "မြဝတီ"အမည်ဖြင့် ယာယီ နန်းစံသည်။ မြောက်ဘက် ရေလွှဲ(၅)ခရိုင်၊ တောင်ဘက် ကြောင်ပြာ၊ ကျောက်မော်အထိ တိုက်ခိုက်သိမ်းယူခဲ့သည်။ ကောဇာ ၈၅၃ ခုနှစ်တွင် ပေါင်းလောင်းမြစ်နှင့် ခပေါင်း ချောင်းဆုံအရပ်တွင် ဒွါရာဝတီမြို့သစ်တည်၍ ပြောင်းရွှေ့ သည်။

"ဗိုလ်လူဆင်မြင်း၊ ပြည်လုံးနှင်းမှ၊ သစ်ရင်းဌာန၊ ရပ် ဒေသတွင်၊ ဒီပစည်ပင်၊ ဖြစ်အံ့မြင်၍၊ ကရင်ဓနု၊ ရွာစုတိုင်း ကား၊ ပေါင်းလောင်းနားထက်၊ ရံတားပတ်ကုံး၊ ရွှေလက်ရုံး နှင့်  ရန်လုံးနွံအောင်၊ ရှင့်ဘထောင်သော်၊ မြောက်တောင် ကြေညာ၊ မှီခိုရာဖြင့်၊ ဒွါရာဝတီ၊ ခေါ်ညီရွှေပြည်၊ တွင်မည် ရှစ်ရပ်၊ တံဆိပ်တပ်"။               (မင်းတရားရွှေထီးဧချင်း)

ကေတုမတီ ၅၁၀

မင်းကြီးညိုသည် ဒွါရာဝတီမြို့တော်တွင် စံနေစဉ် ရေလွှဲ(၅)ခရိုင်၊ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ မကွေး၊ ရေနံချောင်း ဒေသများသို့  စစ်တံခွန်လွှင့်ပြီး လူသူ ဆင်မြင်း စုဆောင်းသည်။ အနှစ် ၂၀ ခန့်ကြာသောအခါ ဒွါရာဝတီမြို့နှင့်မဆံ့အောင် အင်အားကြီးထွားလာသဖြင့် ကောဇာသက္ကရာဇ် ၈၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် (အေဒီ ၁၅၁၀)တွင်  ကေတုမတီ  မြို့တော်သစ်ကို  တည် ထောင်သည်။

အရှေ့အနောက် တာ ၇၀၀၊ တောင်မြောက် တာ ၅၀၀၊ ရေကျုံး နွံကျုံး နှစ်ထပ်၊ မြို့ထောင့်စေတီ လေးဆူ၊ မြို့တံခါး ၂၀၊ သိမ် ၂၀ နှင့် ကြာအင်း(ကန်တော်ကြီး)ကို မြို့အတွင်းသို့ ထည့်ကာ တည်သည်။  ဇမ္ဗူဒိပ်ကျွန်းတွင်  မှန်ကင်းတံခွန် ထူသောမြို့ဟု အဓိပ္ပာယ်ရသော "ကေတုမတီ"ဟု ဘွဲ့အမည် ပေးသည်။  အနာဂတဝံကျမ်းတွင်  နောင်ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရား ဖွားတော်မူရာမြို့မှာ ကေတု မတီပင်ဖြစ်သည်။ ထိုအကြောင်းကို-

"ဆွာနှင့်ခရိုင်၊ ရစ်ဆိုင်ခပေါင်း၊ ပေါင်းလောင်းသီတာ၊ လေးဖြာပေါင်းကြ၊   ဘုမ္မနက်သန်၊   မြေကြန်သင့်မော၊ မင်းဝံကြောထက်၊ မုနောဆက်ရှည်၊ စည်းစိမ်တည်လျက်၊ ခေါ်မည်သာမှု၊ ကေတုမတီ၊ သိင်္ဂီရတနာ၊ နန်းတည်ရာကား၊ နောင်လာနာဂတ်၊ လူနတ်ခမည်း၊ မိတည်းဖြစ်မည်၊ ရပ်ကြီး ပြည်၌ အောင်စည်ခတ်တီး၊ လက်ရုံးဆီးက"ဟု ဖွဲ့ဆိုသည်။ (မဟာဥပရာဇာဧချင်း၊ တလုပ်မြို့စားသင်္ခယာ)

မင်းကြီးညို နန်းတက်စက တောင်ငူသည် အင်းဝ၏ လက်အောက်ခံ မြို့စားအဆင့်သာ ရှိခဲ့သည်။ လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသော မင်းကြီးညိုသည် တဖြည်းဖြည်း ကျဆင်းလာသော အင်းဝ၏အားနည်းမှုကို အခွင့်ကောင်း ယူကာ နယ်မြေချဲ့ထွင်ခြင်း၊ လူသူဆင်မြင်း စုဆောင်းကာ ကေတုမတီမြို့သစ် နန်းသစ်တည်ခြင်းဖြင့် အင်းဝ လက် အောက်မှ ရုန်းထွက်ပြီး တောင်ငူမင်းဆက်ကို တည်ထောင် ခဲ့သည်။ ဒုတိယမြန်မာနိုင်ငံတော်၏ အုတ်မြစ်ကို အခိုင် အမာ ချခဲ့သောကြောင့် သားတော် တပင်ရွှေထီးနှင့် သမက်  တော် ဘုရင့်နောင်တို့လက်ထက်တွင် မြန်မာတစ်နိုင်ငံလုံး ကို စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကေတုမတီမြို့တော်၏  ထူးခြားချက်မှာ   မြို့တံခါး ပေါက်  ၂၀ ၏  ကျုံးအပြင်ဘက်တွင်  သိမ်တစ်ဆောင်စီ တည်ဆောက်ထားခြင်းဖြစ်သည်။ ယခုအထိ မြို့တောင် ဘက်တွင် မဟာပရက္ခမသိမ် (ကြာနီကန်ကျောင်း အတွင်း)၊ သိမ်တော်လှသိမ်(ငွေလှံရပ်)၊ ဒိုင်းပွဲသိမ်၊ ရွှေကြက်ယက် သိမ်၊ အနောက်ဘက်တွင် ကာမသိမ်(ရွှေဟင်္သာဘုရား)၊ မြောက်ဘက်တွင် စကားသိမ်၊ ဂူကြီးသိမ် (ရွှေဂူကြီးဘုရား) ကျောင်းတော်ကြီးသိမ်( သိမ်တော်လှကျောင်း)တို့ ကျန်ရှိ နေသေးသည်။

နန်းတော်ရာ

ကေတုမတီ  နန်းတော်ရာသည်  အထက(၂)  အနီး တစ်ဝိုက်တွင် တည်ရှိသည်။ နန်းတော်ပတ်လည် ကျုံးရာ များကို ၁၉၄၄ ခုနှစ် ကောင်းကင်ဓာတ်ပုံတွင် ထင်ရှားစွာ တွေ့ရသည်။ ယခုမူ ပျောက်ကွယ်သွားပါပြီ။ ရွှေဆံတော် ဘုရားသမိုင်းတွင် မန်းရပ်မှာ မင်းရပ်မှ ရွှေ့လျောလာခြင်း ဖြစ်ပြီး မူလ နန်းတော်နေရာဟု ရေးထားသော်လည်း မြို့ အလယ်ခေါင်မကျဘဲ တောင်ဘက်သို့ နီးကပ်စွာ တည်ရှိ ခြင်း၊ ကျုံးရာ နန်းတော်ရာ မတွေ့ရှိခြင်းကြောင့် မဖြစ်နိုင်၊ ထင်မြင်ယူဆချက်သာ ဖြစ်နိုင်ပါသည်။

၂၀၁၆ ခုနှစ်က အထက(၂)မူလတန်းကျောင်းဝိုင်းတွင် KG ဆောင်ဆောက်ရန် လိုင်းကျင်းတူးစဉ် အလျား ၁၈ လက်မ၊ ဗြက် ၉ လက်မ၊ ထု ၃ လက်မရှိသော အုတ်များဖြင့် စီထားသော အုတ်ခုံကြီးတစ်ခု ပေါ်လာသည်။ ဖြိုဖျက်ပြီးမှ သိလိုက်ရသဖြင့် တားမြစ်သော်လည်း မရခဲ့ပါ။ နန်းတော် အဆောင်တစ်ခုခုမှ အုတ်ခုံဖြစ်နိုင်ပါသည်။

သက္ကရာဇ် ၉၈၂ ခုနှစ်တွင် မင်းကြီးညို နတ်ရွာစံသော အခါ သားတော် တပင်ရွှေထီး နန်းတက်သည်။ ၈၉၄ ခုနှစ် တွင် ရွှေမော်ဓောဘုရားသို့  ချီတက်၍  နားထွင်းမင်္ဂလာ ဆင်ယင်သည်။ သက္ကရာဇ် ၈၉၉ ခုနှစ်တွင် ဟံသာဝတီကို သိမ်းယူသည်။ နောင်ရိုးတိုက်ပွဲအပြီးတွင် ယောက်ဖတော် ကျော်ထင်နော်ရထာအား "ဘုရင့်နောင်တော်"ဘွဲ့ ချီးမြှင့် သည်။ သက္ကရာဇ် ၉၀၀ ပြည့်နှစ်တွင် မင်းတရားရွှေထီးသည် ကေတုမတီမှ ဟံသာဝတီသို့ ပြောင်းရွှေ့ ထီးနန်းစိုက်ထူ သည်။ ကေတုမတီ တောင်ငူမြို့ကို ဖခင်ကဲ့သို့ ချစ်မြတ်နိုး တော်မူသော အထိန်းတော် မင်းကြီးဆွေ(ဘုရင့်နောင်၏ ခမည်းတော်)ကို ဘုရင်ခံ မင်းပြုစေသည်။ ဘွဲ့အမည်မှာ မင်းရဲသိင်္ခသူ  နောင်တွင်  မင်းရဲသီဟသူဟု  ခေါ်သည်။ အထိန်းတော်   ကြက်ရိုးပင်ရွာစား၏သား   ရှင်နီတာကို သတိုးဓမ္မရာဇာဘွဲ့နှင့် ပြည်မြို့ကို ပေးသည်။

ဘုရင့်နောင်၏ ခမည်းတော် မင်းရဲသိင်္ခသူသည် သက္က ရာဇ်  ၉၀၇ ခုနှစ်တွင် မြစည်းခုံစေတီတော်ကို တည်သည်။ သက္ကရာဇ်  ၉၁၀ တွင် မင်းရဲသိင်္ခသူ ကွယ်လွန်သောအခါ သားတော် သီဟသူ (ဘုရင့်နောင်၏ ညီတော်)ကို တောင်ငူ မြို့ကို ဆက်ခံစေသည်။

မင်းတရားရွှေထီးသည်    ပေါ်တူဂီလူမျိုးတစ်ဦးနှင့် အပေါင်းအသင်းမှား၍ အရက်သေစာစွဲလမ်းကာ တိုင်းရေး ပြည်မှုကို လျစ်လျူရှုလာသည်။ အုပ်ချုပ်ရေးတာဝန်များကို ဘုရင့်နောင်ကိုသာ လွှဲအပ်စီမံစေသည်။ သက္ကရာဇ် ၉၁၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်တွင်  စစ်တောင်းစား သမိန်စောထွတ်၏ညီ  လက်ဝဲဓားမှူးက  လုပ်ကြံ၍  နတ် ရွာစံသည်။

ဟံသာဝတီတွင်  မြို့စောင့်ထားခဲ့သော တောင်ငူစား သီဟသူသည်  တောင်ငူသို့ပြန်ကာ  မင်းခေါင်ဘွဲ့ခံယူပြီး သီးခြားမင်းပြုသည်။ ဒလတွင် စစ်ချီနေသော ဘုရင့်နောင် လည်း ထိုအကြောင်းကိုသိလျှင် ဟံသာဝတီကိုမတိုက်ဘဲ တောင်ငူသို့  ဦးစွာ  ချီတက်သည်။  ရွာသစ်အကြီးအရှေ့ လွင်လဟာတွင်  တပ်ချ၍   "ဇေယျဝတီ"ဟု   သမုတ်ကာ ဗိုလ်ဝင်ခံသည်။ ၉၁၂ ခုနှစ် တပို့တွဲလအတွင်း  မင်းခေါင် လက်နက်ချ အညံ့ခံ၍ ကေတုမတီကို ရသည်။ ယာယီ တဲနန်းဆောက်ကာ  ဘုရင့်နောင်  ထီးနန်းတက်သည်။ သက္ကရာဇ် ၉၁၃ ခုနှစ်တွင် ပြည်ကိုသိမ်းယူသည်။ ၉၁၄ ခုနှစ်တွင် ဟံသာဝတီကိုသိမ်း၍ ဟံသာဝတီသို့ ပြောင်းရွှေ့ နန်းစိုက်သည်။ တောင်ငူကို ညီတော်မင်းခေါင်၊ ပြည်ကို ညီတော် သတိုးဓမ္မရာဇာကို ပေးတော်မူသည်။

သက္ကရာဇ် ၉၃၂ ခုနှစ်တွင် ရွှေဆံတော်ဘုရားကို တည် သည်။ သီဟိုကျွန်း ဓမ္မပါလမင်း ဆက်သသော ဗုဒ္ဓဆံတော် ရှစ်ဆူမှ လေးဆူကို ဘုရင့်နောင်က ညီတော်လေးပါးအား တစ်ဆူစီပေးသနားသည့် ဆံတော်ကို ဌာပနာ၍ တည်ထား သော စေတီဖြစ်သည်။ ၉၄၆ ခုနှစ်တွင် တောင်ငူဘုရင် မင်းခေါင် နတ်ရွာစံ၍ သားတော် မင်းရဲသီဟသူ(ရွှေနန်း တည်မင်း) ထီးနန်းဆက်ခံသည်။ သက္ကရာဇ် ၉၆၀ တွင် တောင်ငူဘုရင်သည် ရခိုင်ဘုရင် မင်းရာဇာကြီးနှင့် ပူးပေါင်း၍ ဟံသာဝတီကို  တိုက်သည်။  ဟံသာဝတီ  နန္ဒဘုရင်သည် နန်းသက် ၁၇ နှစ်တွင် နန်းကျခဲ့သည်။

ယိုးဒယားမင်း ဗြနရာဇ် ဟံသာဝတီသို့ ချီလာသဖြင့် နန္ဒဘုရင်ကို တောင်ငူသို့ ဆောင်ယူကာ ခုခံရန်အတွက် စစ်ပြင်ဆင်သည်။ ဗြနရာဇ်က နန္ဒဘုရင်ကို ဘုရားကဲ့သို့ ကိုးကွယ်လို၍ ပေးရန် တောင်းဆို၏။ တောင်ငူဘုရင်က "ငါလည်း နောင်တော်ကို ဘုရားကဲ့သို့ ကိုးကွယ်လိုသော ကြောင့် မပေးနိုင်"ဟု ငြင်းဆို၏။ ထို့ကြောင့် တောင်ငူကို ဝန်းရံတိုက်ခိုက်လေသည်။ တောင်ငူ၏ ရေကျုံး၊ နွံကျုံး များကို ဖြတ်ကျော်တိုက်ခိုက်၍ မရသောကြောင့် အရှေ့ ဘက်ကျုံးကို စစ်တောင်းမြစ်အတွင်းသို့ ဖောက်ထုတ်ရန် မြောင်းတူးသည်။ ထိုမြောင်းပေါက်ကို "ယိုးဒယားပေါက်" ဟု တွင်၏။ ယခု ပြန်လည် ပြုပြင်ထိန်းသိမ်းထားသည်။

ရိက္ခာထောက်တပ်ကို   ရခိုင်ဘုရင်က  ဖြတ်တောက် တိုက်ခိုက်၍ စားရေရိက္ခာ ပြတ်လပ်သဖြင့် ယိုးဒယားမင်း ပြန်လည်ဆုတ်ခွာသွားသည်။ သက္ကရာဇ် ၉၆၄ ခုနှစ်တွင် ရွှေနန်းတော်သစ်ကို တည်ဆောက်၍ မင်းရဲသီဟသူကို ရွှေနန်းတည်မင်းဟု အမည်တွင်သည်။ ကြာအင်းကိုလည်း ကျွန်းလေးကျွန်း တည်ဆောက်သဖြင့် လေးကျွန်း ကန် တော်ကြီးဟု ခေါ်သည်။

သက္ကရာဇ် ၉၇၁ တွင် ရွှေနန်းတည်မင်း နတ်ရွာစံ၍ သားတော် နတ်ရှင်နောင် နန်းတက်သည်။ ၉၇၂ ခုနှစ်တွင် အနောက်ဘက်လွန်မင်း  တောင်ငူကို  တိုက်ခိုက်ရာတွင် အားမတန်သဖြင့် မာန်ချ၍ အညံ့ခံရသည်။ တောင်ငူနန်းကို မှန်ကင်းချ၍ မြို့ကို နတ်ရှင်နောင်အား ပြန်လည်အပ်နှံ သည်။ သက္ကရာဇ် ၉၇၄ ခုနှစ်တွင် သံလျင်မှ ငဇင်ကာ၏ တပ်များ လာရောက်တိုက်ခိုက်သဖြင့် တောင်ငူမြို့ ဖျက်ဆီး ခံရသည်။ နတ်ရှင်နောင်ကိုလည်း သံလျင်သို့ ခေါ်ဆောင် သွားသည်။ သက္ကရာဇ် ၆၄၀ က သဝန်ညီနောင်တို့ တည် ထောင်ခဲ့သော တောင်ငူသည် နတ်ရှင်နောင်လက်ထက် သက္ကရာဇ် ၉၇၄ ခုနှစ်တွင် မင်းဆက်ပြတ်ခဲ့လေသည်။

တောင်ငူမြို့၏သမိုင်းကို လေ့လာလျှင် တောင်ငူငယ်၊ တောင်ငူကြီး(ဓညဝတီ)၊ မြဝတီ ဒွါရာဝတီ၊ ကေတုမတီ ငါးနေရာ ရွှေ့ပြောင်းခဲ့သည်။ တောင်ငူခေတ်ဦးပိုင်း ၂၀၆ နှစ်တိုင် စုဆောင်းလာခဲ့သော အင်အားသည် မင်းကြီးညို လက်ထက်တွင်  တစ်ထီးတစ်နန်း   တည်နိုင်ခဲ့သည်အထိ ကြီးထွားလာခဲ့သည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့၏ လက်ထက်တွင် ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို တည် ဆောက်နိုင်ခဲ့သည်။

စာပေအရာတွင်လည်း နဝဒေး၊ နတ်ရှင်နောင်၊ လှော် ကား သုံးထောင်မှူး၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုနှင့်  ရဝေ ရှင်ထွေးစသော  စာဆိုတော်များ၏  ရတုကဗျာ၊  ဧချင်းတို့ သည် ယနေ့တိုင်အောင် ထင်ရှားကျော်ကြားနေပေသည်။ ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျရောက်မည့် ကေတုမတီ(တောင်ငူ) မြို့တည်နန်းတည်နှစ် ၅၁၀ ပြည့်ကို ဤဆောင်းပါးဖြင့် ကြိုဆိုဂုဏ်ပြု လိုက်ပါသည်။

ကိုးကား

(၁) မဟာရာဇဝင်ကြီး (ဒုတိယတွဲ)

(၂) တွင်းသင်းရာဇဝင် (တောင်ငူဆက်)

(၃) တောင်ငူသမိုင်း (ဦးပွား)