လွှမ်းမိုး (၁၉၅၄-၂၀၀၁)

Listing Description

၁၉၅၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့၌ မွေးသည်။ ငယ်နာမည်မှာ စိုးစိုး ဖြစ်သည်။

အဆိုတော်အဖြစ်မအောင်မြင်မီက ဂစ်တာအတီးသမားအဖြစ်ရပ်တည်ခဲ့ကာ အဆိုတော်ဖြစ်ပြီးနောက်ပိုင်းတွင်လည်း King တီးဝိုင်းတွင် lead ဂစ်တာနှင့်ဂီတမှူးအဖြစ် တာဝန်ယူခဲ့သည်။

စန္ဒယားချစ်မောင်၏ Double Agent တီးဝိုင်းတွင်လည်း lead ဂစ်တာသမားအဖြစ်တီးခတ်ခဲ့ဖူးပြီး အနောက်တိုင်းခေတ်ပေါ်တေးများ စတင်လာခဲ့သည့်ခေတ်ဦးတွင်ပင် ထူးထူးချွန်ချွန်တီးခတ်နိုင်သော ဂစ်တာသမားအဖြစ် အသိမှတ်ပြုခံခဲ့ရသည်။

ကက်ဆက်ဇာတ်လမ်းများတွင်လည်း အသံဖြင့်သရုပ်ဆောင်ခဲ့သည်၊ သူသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်မှာ ဝတ္ထုဆွေဆွေအောင် ဇာတ်ညွှန်းဒါရိုက်တာစိန်ဝင်း(ဘူမိဗေဒ)၊ အသံသရုပ်ဆောင် ရုပ်ရှင်မင်းသမီးမြင့်မြင့်ခိုင်တို့ပါဝင်သော မာနမင်းသား အမည်ရှိကက်ဆက်ဇာတ်လမ်းဖြစ်သည်။

သီဆိုခဲ့သော သီချင်း ပုံစံများမှာ ၁၉၆၀ပြည့်နှစ်များ၏ နှစ်လယ် (၁၉၆၅) မှ ၁၉၇၀ ပြည့်နှစ်များကြား ဝါရှင်တန်ဒီစီတွင်ပေါ်ပေါက်ရေပန်းစားခဲ့သည့် Funk ၏မျိုးကွဲဖြစ်သော Go-go ပုံစံ ၊ ၁၉၂၀ ပြည့်နှစ်များတွင် အမေရိကတောင်ပိုင်း၌ ပေါ်ထွန်းခဲ့သော Country ပုံစံဖြစ်ပြီး အနောက်တိုင်းဂီတအနေဖြင့် အောင်မြင်စကာလမှ နောက်ဆုံးအချိန်အထိအများဆုံး သီဆိုသွားခဲ့သော ပုံစံမှာ ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘား၌ ပေါ်ပေါက်အောင်မြင်ခဲ့သော Cha-cha-cha ပုံစံနှင့် ၁၉၁၄ နှစ်များတွင် အမေရိက၌ စတင်ရေပန်းစားခဲ့သော Foxtrot ပုံစံဖြစ်သည်။ ထိုနှစ်မျိုးလုံး Dance ဂီတအုပ်စုတွင်ပါဝင်သည်။

လွှမ်းမိုးသည် ဂီတနယ်ပယ်တွင်သာမက သရုပ်ဆောင်တွင်လည်း ထူးချွန်သူဖြစ်ခဲ့သည်။ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများမှာ -

- ပန်းသီတဲ့ကြိုး

- ဒုစရိုက်သားကောင်

- နွေဦးရောက်ပြီကိုကို

- ခေါင်းနဲ့ပန်း

- ကြင်နာမယ် ယုယမယ် မြတ်နိုးမယ်

- မေတ္တာသံစဉ်တေး

- ဖေဖေ့သားနဲ့မေမေ့သမီး

- နောင်အင်းလေး

- လူကြမ်း

- လေပွေအဝှေ့မှာဖြင့်

- ပန်းပန်လျက်ပါမဗေဒါ

- အလင်းရောင်ပေါ်ပြီမရီ တို့ဖြစ်သည်။

နိုင်ငံအဝှမ်း ထင်ရှားကျော်ကြားသည့်သီချင်းများစွာကိုသီဆိုခဲ့သည်။ ရန်ကုန်သားလေးကျွန်တော်ပါ သီချင်းဖြင့် အောင်မြင်ခဲ့ပြီးနောက် မန္တလေးမြို့ကိုပြန်ခဲ့မယ်၊ မအေးကိုချစ်လို့ပါ၊ လူပျောက်ကြော်ငြာ၊ နီနီညိုညိုကိုကို၊ ဆရာမ၊ ကံ့ကော်မြို့တော်၊ အဖေ၊ အချစ်ရှုံးသမားဒဿဂီရိ၊ အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ စသည့်သီချင်းများအပြင် များစွာသော တေးအယ်လ်ဘမ်များ ထွက်ရှိအောင်မြင်ခဲ့သည်။

လွမ်းမိုးသည် ၂၀၀၁ ခု၊ ဇူလိုင်လ ၁၀ ရက် နံနက်တွင် ကားမတော်တဆမှုဖြစ်ကာ ရုတ်တရက် ကွယ်လွန်ခဲ့သည်။