တောင်ငူမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ မဲရုံများ၌ ဆန္ဒမဲပေး

Listing Description

တောင်ငူ နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိရာ လာရောက် သူတိုင်း စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေး လျက်ရှိကြောင်း သိရသည်။

“ယခုလို လာရောက်မဲပေးတဲ့အခါ မှာ မဲရုံအဝင်ပေါက်မှာ လက်သန့် ဆေးရည်နဲ့ ဖျန်းပေးပါတယ်။ မဲရုံမှာ တာဝန်ကျ ဝန်ထမ်းတွေကလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့် အညီ လက်အိတ်တွေ ၊ နှာခေါင်းစည်း တွေတပ်ဆင်ထားခြင်း မဲလာပေးတဲ့ တခြားသူတွေလည်း နှာခေါင်းစည်း တပ်ဆင်ထားခြင်း၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာ ထားရှိကာ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်အောင် မဲရုံ တာဝန်ကျဝန်ထမ်းတွေ၊လူမှုရေးအသင်းအဖွဲ့များက စနစ်တကျ လုပ်ဆောင်ပေးကြလို့ မဲပေးတဲ့အခါ မှာ စိတ်ချမ်းမြေ့ရကြောင်း”ဟု လာရောက် ဆန္ဒမဲပေးသူတစ်ဦးက ပြောသည်။ ညနေ ၄ နာရီတွင် မဲရုံ များအားလုံးကို အောင်မြင်စွာ ပိတ် သိမ်းကာ မဲလက်မှတ်များ ရေတွက် လျက်ရှိသည်။

တောင်ငူမြို့နယ် အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၆၄ အုပ်စု တွင် မဲရုံပေါင်း ၁၉၃ ရုံထားရှိကာ ဆန္ဒမဲပေးနိုင်သူ ဦးရေ ၁၉၀၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရ သည်။ သူရ(တောင်ငူ)