ဒဂုန်ဦးလှဘေ (၁၈၉၉ - ၁၉၈၆)

Listing Description

ဒဂုန်ဦးလှဘေသည် သတင်းစာအယ်ဒီတာ၊ ထုတ်ဝေသူ၊ စာရေးဆရာနှင့် မြန်မာစာအဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သည်။ ဦးလှဘေကို ၁၈၉၉-ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ရေတာရှည်မြို့၌ အဖ တောင်သူ ဦးရေချမ်းနှင့် အမိ ဒေါ်ပန်းဥတို့က မွေးဖွားခဲ့သည်။

ငယ်စဉ်က တောင်ငူမြို့ ဦးလက္ခဏာနော်မန်ကျောင်းတွင် ပညာသင်ကြားရာ ခေတ်ပညာနှင့် သဒ္ဒါ၊ သင်္ဂြုဟ် စသော ဘုန်းကြီးကျောင်းပညာများကိုပါ ဆည်းပူးခဲ့သည်။ ၁၉၁၈-ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်မြင်သည်။ ၁၉၂၀-၂၁ခုနှစ်တွင် မန္တလေးမြို့ရှိ သမဝါယမပညာနှင့် စာရင်းစစ်ပညာ အောင်မြင်ခဲ့သည်။

၁၉၂၁-ခုနှစ်တွင် မန္တလေးတိုင်း သမဝါယမဝန်ထောက် ဦးမောင်မောင်ပြားထံတွင် တွဲဖက်စာရင်းစစ် အဖြစ် အမှုထမ်းသည်။ ၁၉၂၉-ခုနှစ်တွင် ဒဂုန် မဂ္ဂဇင်းအယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ဗြိတိသျှဘားမား ရုပ်ရှင်စာစောင်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅-၄၆ ခုနှစ်တွင် ဟံသာဝတီ သတင်းစာ တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကိုယ်ပိုင်ရွှေပြည်တန် စာပုံနှိပ်တိုက်နှင့် စာပေထုတ်ဝေရေးများကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် ဗိုလ်တထောင် သတင်းစာ တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၇၁-ခုနှစ် မြန်မာစာကော်မရှင် (ယခု မြန်မာစာအဖွဲ့) တွင် ကော်မရှင်အဖွဲ့ဝင်၊ ၁၉၇၅-ခုနှစ်တွင် မြန်မာစာအဖွဲ့ တွင် အချိန်ပြည့်အဖွဲ့ဝင် ဖြစ်လာသည်။ မြန်မာသဒ္ဒါနှင့် မြန်မာစာအဘိဓာန်ကျမ်းပြုစုရာတွင် ပါဝင်ခဲ့သည်။

ဆရာကြီးသည် ဗြိတိန်နိုင်ငံတွင် မြန်မာ-အင်္ဂလိပ်အဘိဓာန် ပြုစုနေသော အင်္ဂလိပ်လူမျိုး သုတေသီများနှင့် မြန်မာပညာရှိတို့ဆက်သွယ်၍ မြန်မာမှု မြန်မာစာပေဆိုင်ရာ ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတို့ကို တည်းဖြတ်ရာတွင် အကူအညီပေးခဲ့ရသည်။ သစ္စာဝါဒီသတင်းစာနှင့် မန္တလေးထုတ် သမဝါယမဟိတဂျာနယ်တို့တွင် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ဒဂုန်ဦးလှဘေအမည်ဖြင့် မြန်မာ့စာပေယဉ်ကျေးမှုဆောင်းပါးများ အစဉ်တစိုက် ရေးသားခဲ့သည်။ ဗိုလ်တထောင်သတင်းစာ တွင် ခေါင်းစီးနှင့် စာပေယဉ်ကျေးမှုဆောင်းပါးများ ပင်တိုင်ရေးပေးခဲ့သည်။ စာတံခွန်၊ စာပေနှင့် ယဉ်ကျေးမှုဦး တွေးခေါ်သိမြင်မှုဒဿနမြင်ကွင်း၊ ရွှေပြည်တန်နီတိ စသည့် စာအုပ်များကို ရေးသား ထုတ်ဝေခဲ့သည်။

၁၉၈၆-ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မြန်မာစာအဖွဲ့၏ တာဝန်များကို ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သည်။