နိုင်ဝင်းဆွေ (၁၉၄၁-၁၉၉၅)

Listing Description

နိုင်ဝင်းဆွေသည် မဟူရာမေတ္တာ ဝတ္ထုဖြင့် ၁၉၆၀-ခုနှစ်ဝန်းကျင်လောက်တွင် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြား လာခဲ့သော စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။

နိုင်ဝင်းဆွေအား အဘ ဦးဖိုးမြိုင် အမိ ဒေါ်ဖွားဆိုင်တို့မှ ၁၉၄၁ ခုနှစ်တွင် တောင်ငူအပိုင်၊ ကျွန်းကုန်းတိုက်နယ်၊ ချင်းကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်သမားများ ဖြစ်ကြပြီး မွေးချင်းငါးဦးအနက်စတုထ္ထသားဖြစ်သည်။ အမည်ရင်းမှာ ဦးမောင်ကျော်ဖြစ်သည်။

ချောင်းဖြူကျေးရွာ(မန္တလာကျောင်း)၌ ၄တန်းအထိ ပညာသင်ကြားခဲ့ပြီး၊ အလယ်တန်းပညာကိုကျွန်းကုန်းရွာ၊ စက်ရုံအလယ်တန်းကျောင်းတွင် ၇ တန်းအထိ ဆက်လက်သင်ယူခဲ့ပြီး ရေတာရှည်မြို့ အ.ထ.က. ကျောင်းမှ ၁၀-တန်းအောင်မြင်ခဲ့သည်။ ၁၀-တန်းအောင်မြင်ပြီးနောက် မြန်မာ့မီးရထားဌာန၊ ညောင်လေးပင်ဘူတာ၌ဝင်ရောက် အမှုထမ်း ခဲ့သည်။

စာပေနယ်သို့ ၁၉၆၆ ခုနှစ် ဧပြီလ ရှုမဝမဂ္ဂဇင်း၌ မဟူရာမေတ္တာ အခန်းဆက်ဝတ္ထုရှည်ဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ထိုစာမူဖြင့်ပင် ကျော်ကြားသောပင်ကိုဟန် ဝတ္ထုရေးဆရာတစ်ဦး ဖြစ်ခဲ့သည်။

သူ၏ထင်ရှားသော စာပေလက်ရာများမှာ မဟူရာမေတ္တာ၊ နွေတည၊ မသိန်းရှင်ဆီပို့ပေးပါ၊ မြစပယ်ရုံ၊ ညအင်္သေချေ၊ နိုးတစ်ဝက်အိပ်မက်၊ အချစ်ည၊ ရေဆန်လမ်း၊ ဘဝစာမျက်နှာများ (၁)၊ (၂) စသည်တို့ဖြစ်ကြသည်။ နိုင်ဝင်းဆွေ၏ ဝတ္ထုများသည် နိုင်ငံရေးနောက်ခံနှင့် ရေးသော ဝတ္ထုများ မဟုတ်ပါ။

၁၉၇၈-ခုနှစ် သူ၏ကဗျာနှင့် ဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီသို့ လွတ်မြောက်ရေးတိုက်ပွဲများ ဆင်နွဲရန် ရောက်ရှိခဲ့သည်။ ၁၉၉၀-ခုနှစ်တွင် မာနယ်ပလော တော်လှန်ရေး ဗဟိုဌာနချုပ်သို့ ရောက်ရှိလာသည်။ ၁၉၉၁-ခုနှစ်တွင် စာပေနှင့် အနုပညာကလပ် (လွတ်မြောက်နယ်မြေ) ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စာပေနှင့် အနုပညာကလပ်မှ ထုတ်ဝေသော သစ္စာရီဗျူး အမှတ်(၁၊၂၊၃)အား အယ်ဒီတာချုပ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ သစ္စာရီဗျူး၊ သနူထူး၊ ဒေါင်းအိုးဝေ၊ လူ့ဘောင်သစ် စာစောင်များတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများ၊ နိုင်ငံရေးစစ်တမ်းများ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ ဆောင်းပါး ၄-စောင်နှင့် သုံးဘက်မြင် အနုပညာစစ်တမ်းကြီးကို ရေးသားခဲ့သည်။

ဘ၀သရုပ်ဖော် စာပေဖြင့် ကျော်ကြားခဲ့သော သူ၏ စာပေလက်ရာများမှာ ၁၉၇၅-ခုနှစ် နောက်ပိုင်းတွင် အဆက်ပြတ်ခဲ့ပြီး ၁၉၉၅-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄-ရက်နေ့တွင် မာနယ်ပလော ဌာနချုပ်အနီး ဟွေးဖောလူရွာ၌ ကျဆုံးသွားခဲ့သည်။ ကျဆုံးချိန်တွင် ဇနီးဒေါ်ကျုံ (ဝတိုင်းရင်းသူ)နှင့် သား မောင်ဆန်းတို့ ကျန်ရစ်ခဲ့သည်။

ရေးသားခဲ့သောစာအုပ်များ

မဟူရာမေတ္တာ (၁၉၆၈)

နွေတစ်ည (၁၉၇၁)

အိုယန်ဟိုင်၏ တေးသံ (ဘာသာပြန်)

ရေဆန်လမ်း (၁၉၇၅)

နိုးတဝက်အိပ်မက် (၁၉၇၂)

မသိန်းရှင်ဆီပို့ပေးပါ (၁၉၇၁)

မြစပယ်ရုံ

ညအင်္သေချေ

အချစ်ည (၁၉၇၂)

ဘဝစာမျက်နှာများ (၁)

ဘဝစာမျက်နှာများ (၂)

ကိုးကား