သူရိယ

Listing Description

၁၉၈၉ ခုနှစ် မေလ ၆ ရက်နေ့တွင် စိန်ဘယက် တိုင်းရင်းဆေး ထုတ်လုပ်ရေးပိုင်ရှင် ဦးကြည်လင်းနှင့် ဒေါ်ချိုချိုမာတို့မှ ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း သူရလင်းဖြစ်သည်။ မွေးချင်း လေးယောက်တွင် အကြီးဆုံးဖြစ်ပြီး ညီငယ် နှစ်ဦးနှင့် ညီမ တစ်ဦးရှိသည်။ ပဲခူးမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၉ တန်းအထိ ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ တွင်တက်ရောက်သင်ကြားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်မှ Dip.T.Med ဘွဲ့ရရှိခဲ့သည်။

အနုပညာလောကထဲသို့ မိသားစုပိုင် စိန်ဘယက်တိုင်းရင်းဆေး ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်၍ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုတိုင်းရင်းဆေးကြော်ငြာဖြင့် လူသိများလာခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ဇာတ်လမ်းတိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဗီဒီယိုဇာတ်ကားများ၊ သီချင်းဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မဟော်ဂနီရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး “အမိမဲ့သား” ဇာတ်ကားတွင် ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူရလင်းမှ သူရိယဟု အမည်ပြောင်းလဲခဲ့သည်။

၂၀၁၇ ခုနှစ်တွင် MRTV-4 မှ ထုတ်လွှင့်ပြသသော “မနေ့ကဖြစ်သည်” ၊ “ပဉ္စလက်ရွာ” စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်ထိ ဖေ့စ်ဘုတ်ရွာ၊ ငါ့အကယ်ဒမီ၊ သရဲသင်္ဘော စသည့် ရုပ်ရှင်ဇာတ်ကားကြီး ၃ ကားနှင့် ဗီဒီယိုဇာတ်ကား ၄၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။