စန့်ခေါဖိတ်စေတီ (ခ) ရန်အောင်မြင်စေတီ

Listing Description

စန့်ခေါဖိတ်စေတီသည် ကချင်ပြည်နယ် မိုးညှင်းမြို့မှ ၃ မိုင်ခန့်ကွာဝေးသော နန့်ပုတ်ကျေးရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၇၆၅ ခုနှစ်တွင် မိုးညှင်းသတိုးမင်းမှ ရွှေငွေကျောက်သံပတ္တမြားများ၊ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်မွေတော်များ၊ ဆင်းတုတော်များ ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ မိုးညှင်းသတိုးမင်းသည် စေတီတော်ကြီး တည်သောအခါ လိမ္မာပါးနပ်လှသော ဆင်လည်ဖြူကြီးတစ်စီးဖြင့် ဘုရားပြီးမြောက်သည်အထိ အုတ်ရရှိစေရန် မြေနင်းခြင်းကောင်းမှုပြုစေခဲ့ပြီး ယင်းဆင်လည်ဖြူကြီးကို အစွဲပြု၍ ရှမ်းဘာသာဖြင့် စန့်ခေါဖိတ်စေတီ (ဆင်လည်ဖြူစေတီ) ဟု ခေါ်ကြပါသည်။ သက္ကရာဇ် ၈၄၂ မှ ၈၆၃ ခုနှစ်တွင်း မိုးညှင်းကို အုပ်ချုပ်သော စလုံစော်ဘွားမှ တစ်ကြိမ် ပြုပြင်မွမ်းမံရောင်တော်ဖွင့်ခဲ့ပါသည်။ သက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် လက်ပန်တန်းဆရာတော် ဦးကဝိ ဦးဆောင်၍လည်းကောင်း၊ ၁၂၉၂ ခုနှစ်တွင် နမ့်ပုတ်ရွာဆရာတော် ဦးပဒုမနှင့် အလှူရှင်များမှလည်းကောင်း၊ ၁၃၃၂ ခုနှစ်တွင် နမ့်ပုတ်ရွာသားများမှ ဦးဆောင်၍ ပြုပြင်တည်ဆောက်ခဲ့ရာ ဖိနပ်တော်မှ ဉာဏ်တော်အမြင့် အတောင် ၃၀ အထိ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ၁၃၃၅ ခုနှစ်တွင် ပြိုကျပျက်စီးခဲ့သဖြင့် အနီးအနားရှိဒေသခံ ကျေးရွာများမှ အလှူရှင်များ စုပေါင်းပြီး ထပ်မံတည်ထားကြပြန်ရာ အပြီးမသတ်နိုင်သဖြင့် ၁၃၃၉ ခုနှစ် တပေါင်းလဆုတ် ၄ ရက်နေ့ (၂၇.၃.၁၉၇၈)မှစတင်၍ ရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ဖောင်တော်ဦးကျောင်းတိုက် ဆရာတော် ဦးသောဘိတ ဦးဆောင်မှုဖြင့် ပြုပြင်မွမ်းမံကြရာ ၁၃၃၉ ခုနှစ် နှောင်းတန်ခူးလဆန်း  ၉ ရက်နေ့တွင် ပြီးစီး၍ ထီးတော်တင်ပွဲကျင်းပကာ စန့်ခေါဖိတ်(ခေါ်) ရန်အောင်မြင်စေတီဟု ဘွဲ့တော်ဆပ်ကပ်ပြီး ထုံးသင်္ကန်းဖြင့် ရောင်တော်ဖွင့်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထီးတော်သစ်နှင့် စိန်ဖူးတော်တင်လှူခြင်း၊ စေတီတော်ကြီးနှင့် အရံစေတီများအားလည်း ရွှေသင်္ကန်း ကပ်လှူခြင်းများအား ဆောင်ရွက်နိုင်ခဲ့ပါသည်။