မဟာရွှေဘုံသာစေတီ

Listing Description

မဟာရွှေဘုံသာစေတီတော်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းမြို့၏မြောက်ဖက် ၆ မိုင်ခန့်အကွာ ဘီလူးမြို့တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သော သမိုင်းဝင် စေတီတော် တစ်ဆူဖြစ်ပါသည်။ သာသနာတော်နှစ် ၂၂၃ ခုနှစ်ခန့်တွင် သီရိဓမ္မာသောကမင်းကြီးစေတီတော်များ တည်ထားကိုးကွယ်ရာတွင် စီမံကွပ်ကဲရသော ဆဠာဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာအရှင်ဣန္ဒဂုတ္တထေရ် အမှူးပြုကာ စောညယ်၊ စောဝမ် မင်းညီနောင်နှင့်တကွ ယက္ခပူရ(ယခုဘီလူးမြို့)မြို့သူ မြို့သားတို့က ယခုစေတီတော်တည်ရှိရာ ကုန်းတော်မြတ်၌ စေတီငယ်တစ်ဆူတည်ထားကိုးကွယ်ခဲ့ပါသည်။ သက္ကရာဇ် ၇၆၃ ခုနှစ် အင်းဝဘုရင် မိုးညှင်းမင်းတရာကြီးက မင်းသားအဖြစ် မိုးညှင်းမြို့ကိုစားစဉ် ဒါယိကာအဖြစ် ခံယူ၍ ပြုပြင်မွမ်းမံကာ မဟာရွှေဘုံသာဘုရားကြီးအဖြစ် ဘွဲ့တော် သမုတ်ခဲ့သည်။ ၁၂၅၄ ခု တပို့တွဲလဆန်း ၃ ရက်နေ့တွင် မန်လည်မြို့ အင်းတော်ဆရာတော် ဦးဝသုန္ဒ၊ မော်လူးမြို့တောင်ပေါ်ကျောင်း ဆရာတော် ဦးဝမလာစာရ၊ မော်လူးမြို့ သရောင်းကျောင်းဆရာတော် ဦးဝမလဗုဒ္ဓိ(ဆရာတော်စိန်) နာယကမဟာထေရ် ၃ ပါးအကြီးအမှူးပြုသော သံဃာတော်များ၊ နယ်သူ နယ်သားများမှ စေတီတော်ကို ပြုပြင်ခဲ့ကြရာ ဉာဏ်တော် ၅၀တောင် ထီးတော် ဘုံ ၇ ဆင့်ဖြစ်သည်။ သက္ကရာဇ် ၁၂၆၅ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ပြိုပျက်ရပြန်သဖြင့် ၁၂၆၆ ခုနှစ် တပေါင်းလပြည့်နေ့တွင် မိုးညှင်းမြို့ ဆရာတော် ဦးဝိမလဗုဒ္ဓိ(ဆရာတော်စိန်)ဦးဆောင်၍ သံယာတော်များ၊ နယ်သူ နယ်သားများမှ တတိယအကြိမ် ထပ်မံပြုပြင်တည်ဆောက်ရာ ဉာဏ်တော် ၃၇ တောင် ထီးတော် ဘုံ ၉ ဆင့်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကြောင့် ကွဲအက်တိမ်းစောင်းခဲ့ရသော စေတီတော်ကြီးကို ဟိုပင်မြို့ ဂိုဏ်းအုပ်ဆရာတော် ဦးကုဝေရ၊ မိုးညှင်းမြို့ ထီးလင်းဆရာတော် ဦးနန္နိယ၊ မိုးညှင်းမြို့ ဥတ္တရရာမဆရာတော် ဦးဓနိယ (သဒဓမ္မပကိဏ္ဏကျမ်းပြု) နာယကဆရာတော် ၃ ပါးဦးစီးလျက် ၁၃၂၂ ခုနှစ် တန်ခူးလပြည့်ကျော် ၉ ရက်နေ့တွင် အုတ်မြစ်ချကာ စတုတ္ထအကြိမ် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ကြပါသည်။  ၁၃၅၈ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီလုံးတော်၏ အနောက်ဘက်နှင့် မြောက်ဘက်တို့၌ ကွဲအက်ခဲ့ရသောကြောင့် ၁၁၅၈ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့တွင် စတင်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ မိုးညှင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညောဘာသနှင့် အဖွဲ့ဝင်ဆရာတော်တို့၏ ဦးဆောင်မှု၊ ဘီလူးမြို့ ကျေးရွာသံဃနာယကအအဖွဲ့ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တကုသလ၊ အကျိုးတော်ဆောင် ဘဒ္ဒန္တတေဇိန္ဒ အမှူးပြုသော အဖွဲ့ဝင်သံဃာတော်များ၏ အနီးကပ်ကြီးကြပ်မှု၊ ဘီလူးမြို့၊ သရက်ကုန်း၊ ရွှေကျင်ကုန်း၊ မြို့ဟောင်း၊ သာယာကုန်း၊ ကန်သာကုန်း၊ မြသီတာ၊ ကန်မြီးကုန်း၊ စုစည်၊ အုံစံဆိုတို့မှ ပါဝင်သော ဂေါပကအဖွဲ့များ၏ ဆောင်ရွက်မှုဖြင့် ပဉ္စမအကြိမ်ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြပါသည်။ နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပပါသည်။