မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်ကို သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖော်ဆောင်မည်

Listing Description

မိုးညှင်း   ဇန်နဝါရီ   ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး‌  ရေချိုအိုင်ကြီး ဖြစ်သည့် အင်းတော်ကြီး ကန်နှင့်ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြုသဘာဝခရီးသွားလုပ်ငန်းများ  ဖော်ဆောင်နိုင်ပါက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အတွက် ဝင်ငွေများရရှိပြီး ဒေသခံများအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အဆိုပါ အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြုသဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ် ကျင်းပသည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အင်းတော်ကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေးပြခန်း၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက အင်းတော်ကြီးကန်သည် မြန်မာ နိုင်ငံတွင် အကြီးဆုံးကန်ဖြစ်ပြီး အရှေ့တောင်အာရှတွင်လည်း တတိယ အကြီးဆုံးဖြစ်ကာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အတွက် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် အင်းတော်ကြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအစည်းအဝေးကို အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် Fauna and Flora International - FFI တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်း အနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကမ်းခြေဒေသဆိုင်ရာ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ခရီးသွား    ဝန်ဆောင်မှုများနှင့် ခရီးစဉ်ဖော်ဆောင်မည့် အခြေအနေများ၊ အင်းတော်ကြီး  ဇီဝအဝန်းနယ်မြေအတွင်းရှိ အိမ်မွေးဆင်များ ထိန်းသိမ်းရေးနှင့် ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ရေး၊ ဇီဝအဝန်းနယ်မြေ အတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ၊ အင်းတော်ကြီးဒေသ Destination  Management Plan များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး (မိုးညှင်း)