ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ စစ်တွေမြို့ပေါ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုကို ကြည့်ရှု

Listing Description

စစ်တွေ နိုဝင်ဘာ ၈

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများ သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် စစ်တွေမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များတွင် မဲဆန္ဒရှင်ပြည်သူ များ အေးချမ်းစွာ ဆန္ဒမဲပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် မဲရုံ၊ ကျောင်းကြီး လမ်းရပ်ကွက် မဲရုံ၊ မောလိပ်ရပ်ကွက် မဲရုံနှင့် ကုန်တန်းရပ်ကွက်ရှိ မဲရုံများသို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မဲရုံများသို့ သွားရောက်စဉ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြား ချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူ များ ဆန္ဒမဲပေးနိုင်ရေး၊ မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးတို့ကို သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်များ၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများ၊ မဲရုံတာဝန်ရှိသူအား လမ်းညွှန်မှာကြားပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့အပြင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်၊ စစ်တွေ မြို့နယ်တာဝန်ခံ ဦးမောင်သိန်းဖြူနှင့် အဖွဲ့ဝင်များသည် ဘောက်သီးစု ရပ်ကွက်မဲရုံ၊ လမ်းသစ်ရပ်ကွက်မဲရုံ၊ ဆင်ကူးလမ်းရပ်ကွက်မဲရုံနှင့် အုန်း တစ်ပင်ရပ်ကွက်မဲရုံများသို့ သွားရောက် ပြီး မဲဆန္ဒရှင် ပြည်သူများ မဲပေးနေမှုကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည် များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မဲရုံများသို့ လှည့်လည်ကြည့်ရှု ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့်အတူ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြ ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် ၄၇၇၉၅၉ ဦးရှိပြီး မဲရုံပေါင်း ၇၈၄ ရုံ ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)