စစ်တွေမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

Listing Description

စစ်တွေ  နိုဝင်ဘာ  ၈

၂၀၂၀  ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  ရခိုင်ပြည်နယ်   စစ်တွေ မြို့နယ်အတွင်းရှိ   မြို့ပေါ်ရပ်ကွက်များနှင့်    ကျေးရွာအုပ်စုများအတွင်းရှိ  မဲရုံများ၌ ယနေ့ နံနက်ပိုင်းမှစတင်ပြီး     မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးကြသည်။

စစ်တွေမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ   မဲရုံများ၌  မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် ဆန္ဒမဲ ထည့်မည့် မဲပုံးများအတွင်း မည့်သည့်အရာမျှ မရှိကြောင်း အသိသက်သေများ၏ ရှေ့မှောက် တွင်ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျ ပိတ်ပြီး နံနက် ၆ နာရီတွင်မဲရုံဖွင့်လှစ်ကြောင်း နှင့် ဆန္ဒမဲပေးခွင့်ရှိသူ  ပြည်သူများ စတင်မဲပေး နိုင်ပြီဖြစ်ကြောင်း အသံချဲ့စက်ဖြင့် အသိပေး ကြေညာသည်။

လွတ်လပ်စွာ ဆန္ဒမဲပေး

ထို့နောက် မဲဆန္ဒရှင်ပြည်သူများအား ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖျန်းခြင်း၊ ပါးစပ်နှင့်  နှာခေါင်းစည်းများ အသစ်လဲလှယ် ပေးခြင်း၊ မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ်       လက်သန်းတွင် မင်တို့ခြင်းများကို   စနစ်တကျ ဆောင်ရွက် ပေးလျက်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ ကလည်း မိမိတို့၏ဆန္ဒအလျောက် လွတ်လပ် စွာ ဆန္ဒမဲပေးလျက်ရှိသည်။

စစ်တွေမြို့နယ်၌   မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၀၇၂၃၂ ဦးရှိပြီး  အမှတ်(၁) မဲဆန္ဒနယ်တွင်    မဲရုံ  ၅၃   ရုံ၊ အမှတ်(၂) မဲဆန္ဒနယ်တွင်မဲရုံ ၅၅ ရုံ စုစုပေါင်း ၁၀၈ ရုံရှိရာ သက်ဆိုင်ရာမဲရုံများ၌ မဲဆန္ဒရှင် ပြည်သူများအေးချမ်းစွာ မဲပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)