ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

Listing Description

ဆရာတော်ဦးဇောတိကသည်  ထင်ရှားကျော်ကြားသော စာရေးဆရာတစ်ယောက်လည်း ဖြစ်သည်။ ဆရာတော် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော "Snow in the Summer"စာအုပ်မှာ ဘာသာစကားဆယ်မျိုးသို့ ပြန်ဆိုခဲ့ပြီး အုပ်ရေတစ်သန်းထက်မနည်း ပုံနှိပ်ခဲ့ရသည်ဟု အင်တာနက်အာခိုက်ဖ်၏ စာကြည့်တိုက်(Internet Archive's Open Library)ကက်တလောက်တွင် ဆိုထားသည်။

ဆရာတော်ဦးဇောတိကကို ၁၉၄၇-ခုနှစ် ဩဂုတ်လ ၅-ရက်နေ့တွင် မော်လမြိုင်မြို့တွင် မွေးဖွားခဲ့သည်။ သူသည် အခြေခံပညာရေးကို ရိုမန်ကက်သလစ် သာသနာပြုကျောင်းတွင် သင်ကြားခဲ့သည်။ သူငယ်ရွယ်စဉ်ကာလတွင် မည်သည့်ဘာသာရေးကိုမှ ဘာသာဝင်အဖြစ် ပါဝင်ပတ်သက်ခြင်းမရှိခဲ့သော်လည်း ဘာသာတရားပေါင်းစုံတို့၏ သဘောတရားတို့ကို လေ့လာပြီး နားလည်အောင်ကြိုးစားခဲ့သည်။ အနောက်တိုင်း ဒဿနိကဗေဒနှင့် စိတ်ပညာဘာသာရပ်များကို လေ့လာလိုက်စားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။

လူအများစုသည် သူတို့ဘဝ၏ တန်ဖိုးရှိသောအချိန်များကို ချမ်းသာကြွယ်ဝအောင်ပြုလုပ်ခြင်း၊ လောကီစည်းစိမ်များကို ခံစားခြင်း၊ ကျော်ကြားမှု၊ ဩဇာအာဏာနှင့် ရာထူးနေရာကောင်း ရရှိရေးအတွက် အသုံးချရင်း ကုန်ဆုံးနေကြသော်လည်း ဘဝ၏ ရလဒ်များအပေါ် ကျေနပ်နှစ်သက်မှုမရှိကြသည်ကို သူကတွေ့ခဲ့ရသည်။ ဗုဒ္ဓနည်းကျ တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုရသဖြင့် တရားထိုင်မှုအပေါ် သူအလွန်စိတ်ဝင်စားလာခဲ့သည်။ ထိုကြောင့် အသက် ၂၆-နှစ်အရွယ်တွင် မိသားစုကို စွန့်ခွာခဲ့ပြီး ရှင်သာမဏေ အဖြစ်ကို ခံယူခဲ့သည်။ ၁၉၇၄-ခုနှစ်တွင် မိတ္ထိလာမြို့ တောင်ပုလုတောရ၌ တောင်ပုလုဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။ အခြေခံပညာရေး (၈)တန်းကာလမှစ၍ ဝိပဿနာစာအုပ်များကို ဖတ်ရှုဖြစ်ကာ တစ်နေ့ဆယ်မိနစ်ဖြစ်စေ၊ တစ်ဆယ့်ငါးမိနစ်ခန့်ဖြစ်စေ တရားထိုင်သည့် အလေ့အကျင့်ရှိခဲ့သည်။ တောင်ပုလုဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ဝိပဿနာတရားကို ၃-နှစ်တာ အားထုတ်ခဲ့သည်။ ထိုနောက် ထန်းတပင် တောရဆရာတော်ထံတွင် ၁၅-နှစ်ကြာ ဝိပဿနာတရားကို ဆက်လက်အားထုတ်ခဲ့သည်။

ဆရာတော်သည် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ ၁၉၇၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်တစ်ကြိမ် ကြွရောက်သာသနာပြုခဲ့သည်။ အမေရိကန်ပြည်ထောင်စုသို့ ၁၉၈၃-၈၄တွင် ကြွရောက်ခဲ့ပြီး ၁၆-လကြာခန့် သီတင်းသုံးကာ ဆန်တာခယု(ဇ်)၊ နယူးယောက်၊ ဘော့စတွန်နှင့် ဝါရှင်တန်တို့တွင် တရားပွဲများ ကျင်းပခဲ့သည်။ စင်္ကာပူနိုင်ငံသို့လည်း ဓမ္မဒူတခရီး အကြိမ်ကြိမ် ကြွချီခဲ့သည်။

ရေးသားပြုစုခဲ့သည့် စာအုပ်များ

မြင့်မြတ်မှုပျောက်ဆုံးနေခြင်း၊ မေတ္တသုတ်တရားတော်       ၂၀၁၂-ခု၊ စက်တင်ဘာလ

တွေးမိတိုင်းပျော်တယ်          ၂၀၀၇-ခု၊ အောက်တိုဘာလ

A Map of the Journey       ၂၀၀၆-ခု၊ ဇွန်လ

လွတ်လပ်သောစိတ်   ၂၀၀၆-ခု၊ မေလ

အသက်ရှင်နေလျက် ဘဝသေနေသူ  ၂၀၀၃-ခု၊ အောက်တိုဘာလ

အခွင့်အရေးနှင့်တာဝန်          ၂၀၀၂-ခု၊ ဇွန်လ

ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ

သူ့ကိုပြင်ချင်ရင်ကိုယ့်ကိုကိုယ်အရင်ပြင်       ၂၀၀၂-ခု၊ ဇန်နဝါရီလ

မေတ္တာတရား၊ လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ          ၂၀၀၁-ခု၊ မေလ

သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင်မွေ့လျော်ခြင်း      ၂၀၀၀-ခု၊ ဇွန်လ

အရှုပ်ထဲမှာ ရှင်းအောင်နေ     ၂၀၀၀-ခု၊ မတ်လ

တစိမ့်စိမ့်တွေးမယ်     ၁၉၉၉-ခု၊ ဒီဇင်ဘာလ

Snow in the Summer        ၁၉၉၉-ခု၊ စက်တင်ဘာလ

စိတ်နှလုံး ရွှင်လန်းစေဖို့        ၁၉၉၉-ခု၊ ဧပြီလ

ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်း   ၁၉၉၈-ခု၊ ဒီဇင်ဘာလ

သတိဆိုတဲ့နေအိမ်၊ အပျော်ဆုံးလူ၊ ဗုဒ္ဓရင်ခွင်မှာ      ၁၉၉၈-ခု၊ ဇွန်လ

ဘဝဆိုတဲ့ကျောင်း     ၁၉၉၈-ခု၊ မတ်လ