စာရေးဆရာ၊ အယ်ဒီတာနှင့် ပြဇာတ်ဒါရိုက်တာ ဖြစ်သည်။ ရိုးရှင်းသော ဇာတ်အိမ်တွင် အပြန်အလှန်စကားပြောတို့ဖြင့် စိတ်ဝင်စားဖွယ် ရေးသားတတ်သဖြင့် လူကြိုက်များသည်။
မော်လမြိုင်မြို့တွင် (၁၉၁၀)ပြည့်နှစ်၊ ဇွန်လ(၈)ရက်က မွေးဖွားသည်။ မိဘများမှာ ပန်းပဲဆရာကြီး ဦးဘကြိုင်နှင့် ဒေါ်မျှားဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါး ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ကြီးဒေါ်ထံတွင် ကြီးပြင်းခဲ့ရသည်။ အမည်ရင်း မောင်ချစ်လှိုင် (ခေါ်) မောင်မြင့်လှိုင်ဖြစ်၏။
ပီမိုးနင်း၏ "ပင်နန်းရံရွှေ ငယ်ကျွမ်းဆွေ" ကို ဖတ်မိရာမှ စာရေးဆရာဖြစ်ရန် ရည်စူးခဲ့၏။ (၁၉၃၅)ခုဝန်းကျင် ဒဂုန် မဂ္ဂဇင်းတွင် "ရွှေမြိုင်ညွန့်" ကလောင်အမည်ယူပြီး "တစ်သုံးလုံး" စုံထောက်ဝတ္ထုကို စတင်ရေးခဲ့သည်။ "ရန်သူ့မေတ္တာ" စုံထောက်ဝတ္ထု၊ အိုင်ဆေးယောက်ဖ၊ အိုင်လပ်(ဖ)ယူ၊ လူပါးဝတဲ့ကောင် စသည့် ဟာသနှင့် အခြားသော အချစ်ဝတ္ထုတို/ရှည်များကို ဆက်လက်ရေးသားခဲ့သည်။
(၁၉၃၅)ခု၊ ဧပြီ(၅)တွင် ရန်ကုန်သို့ပြောင်းခဲ့သည်။ ရန်ကုန် ရေကျော်ရပ်တွင် သူငယ်ချင်းများနှင့် အိမ်ငှား၍စုနေကြသည်။ အရင်းနှီးဆုံး စာပေမိတ်ဆွေများမှာ ရဲထွတ် (ဦးသော်)၊ ရဲသမိန် (မာဃကုန်စုံဆိုင်ရှင် ဦးဘကြိုင်)၊ မင်းအောင်တို့ ဖြစ်ကြသည်။ ရန်ကုန်ရောက်စမှာပင် "ခယ်မပျို" လုံးချင်းစာအုပ်ကို ဦးဘဆန်းအင်ဆန်း တိုးတက်ရေးဝတ္ထုတိုက်က ထုတ်ဝေလိုက်သည်မှ နာမည်ရလာပြီး၊ အခြားဝတ္ထုတိုက်များကလည်း အလုပ် အပ်နှံလာကြသည်။
ဗန္ဓုလသတင်းစာတွင် ဆရာကြီးပီမိုးနင်း အယ်ဒီတာချုပ် လုပ်စဉ် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူး၏။ တစ်ခါသော် ဆရာကြီးပီမိုးနင်းရေးသည့် သတင်းစာအခန်းဆက်ဝတ္ထုရှည်ကြီး တစ်ပုဒ်တွင် ဆရာကြီး ရုတ်တရက်မကျန်းမာခိုက် ဝင်ရောက် ရေးသားပေးခဲ့ဖူးသည်။
ဂျပန်ခေတ်တွင် ပဲခူး၊ ကျောက်တန်း၊ ကွမ်ပေါင်ရွာ တို့တွင် နေခဲ့သည်။ မော်လမြိုင် အစိုးရအထက်တန်းကျောင်း ရန်ပုံငွေပွဲတွင် ပြဇာတ်ဒါရိုက်တာလုပ်ခဲ့ရာမှ လူကြိုက်များပြီး မော်လမြိုင် ဝန်းကျင်သို့ လှည့်လည်ဖြေဖျော်ခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံးပြီးစအချိန်ခန့်၌ သူရိယသတင်းစာတိုက်တွင် လခစားအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ မကြာမီနုတ်ထွက်လိုက်ပြီး ကိုယ်ပိုင် ကြယ်နီ စာအုပ်တိုက်ကို တည်ထောင်သည်။ သူဘုငါဘောက်၊ လူချင်း မတူ၊ ဓား (ဒုတိယအကြိမ်)နှင့် ကလဲ့စား တို့ကို ထုတ်ဝေ ခဲ့သည်။
ထိုကာလမှာပင် မကျန်းမမာဖြစ်လာသည်။ တစ်ပြိုင်နက်တည်း လိုလိုပင် အရင်းနှီးဆုံး စာရေးဆရာ ရဲထွတ် ကွယ်လွန်သွားခြင်း၊ အချစ်ဆုံးတူ ဦးအောင်မြင့် (ကျိုက္ခမီဆားဖိုပိုင်ရှင်) ရန်ကုန်မှမော်လမြိုင်သို့အပြန် ၁၄-၃-၄၉ တွင် လေယာဉ်ပျက်ကျ ကွယ်လွန်ခြင်း တို့ကြောင့် စိတ်နှလုံးအထူးထိခိုက် ကြေကွဲခဲ့ရသည်။ ထိုကာလ (၁၉၄၉)ခုနှစ်၊ ဇူလိုင်(၂၆)ရက်နေ့တွင် ဆေးကုသလာသည့် ဆရာအတွက် ဆေးလိပ်ဝယ်ရန် နေအိမ်မှ ထွက်ခွာသွားရာ ယနေ့အထိပြန်မလာတော့ဘဲ ပျောက်ဆုံးခဲ့ရ တော့သည်။
ရေးသားခဲ့သော စာများ
ခယ်မပျို (၁၉၃၅ )
လူပါးဝတဲ့ကောင် ၁၉၃၅
ကျမကံ ၁၉၃၅
အမာ ၁၉၃၅
ရီးစားထားချိန် ၁၉၃၅
အပျိုလေးနဲ့တူ ၁၉၃၅
ထိုသဏ္ဌာန် ၁၉၃၅
ဖြေလည်းမပြေ ၁၉၃၅
အိုင်လပ်(ဖ)ယူ ၁၉၃၅
ချစ်နိုးယောင် ၁၉၃၅
သူချစ်ကိုရှာ ၁၉၃၅
သိန်းထိ ၁၉၃၆
မောင်ပွင့်ကောင်း-သန်းသန်း ၁၉၃၆
လွမ်းပိုအောင် ၁၉၃၆ (မောင်ပွင့်ကောင်း-သန်းသန်း အဆက်)
အိုင်ဆေးယောက်ဖ ၁၉၃၇
'မ'နိုင်ငံ ၁၉၃၈ (စွဲစွဲမြဲမြဲ အမည်ဖြင့် ၁၉၅၂ ခုတွင် ရုပ်ရှင်ရိုက်)
ချစ်တဲ့ည ၁၉၃၈ (ကကြီးရေက အမည်ဖြင့် ရုပ်ရှင်ရိုက်)
စနေမ ၁၉၃၈
ကျေးဇူးရှင် ၁၉၃၈
မယ့်တကိုယ် ၁၉၄၀
ပွင့်ချိန်တန် ၁၉၃၈
အပိုးခံမ ၁၉၃၈
လင် ၁၉၃၈ (၁၉၅၁ ခုတွင် ရိုက်ရှင်ရိုက်)
သွေး ၁၉၃၈
စစ်ပြေးမ ၁၉၄၂-၄၅
ဓား ၁၉၄၂-၄၅ (မျိုးမြင့်ရန်နောင်အမည်ဖြင့် ၁၉၅၀ ပြည့်တွင်ရုပ်ရှင်ရိုက် စာရေးဆရာအသင်း ဝတ္ထုဆုရ)
အချစ်နှင့်တိုင်းပြည် ၁၉၄၂-၄၅
ကလဲ့စား ၁၉၄၂-၄၅ (သွေးဆိုး)
အဖက်မတန် ၁၉၄၆-၄၉
စာရေးဆရာ ၁၉၄၆-၄၉
အပျောက်မ ၁၉၄၆-၄၉
စွဲလမ်းသူ ၁၉၄၆-၄၉
လူချင်းမတူ ၁၉၄၆-၄၉ (ကြုံလေဘုံဘွေ အမည်ဖြင့် ၁၉၅၃ ခုတွင် ရုပ်ရှင်ရိုက်)
စေ့စပ်ရေး ၁၉၄၆-၄၉
သူမသိလေ ၁၉၄၆-၄၉
မိုက်ရူးရဲ ၁၉၄၆-၄၉
မနှင်းဆီ ၁၉၄၆-၄၉