ကြည်ဇော်အေး (၁၉၇၇ - ၂၀၂၂)

Listing Description

၁၉၇၇ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်၌ မွေးဖွားခဲ့သည်။ ခေတ်ပေါ် ကဗျာတွင် ထင်ရှားသောလူငယ် ကဗျာဆရာတစ်ဦးဖြစ်ပြီး ၂၀၀၀ခုနှစ်၌ ချယ်ရီမဂ္ဂဇင်းမှ တဆင့်ကဗျာလောကထဲ ဝင်ရောက်ခဲ့သူဖြစ်သည်။

ပထမဆုံးကဗျာလုံးချင်းစာအုပ်မှာ "ရိုးရိုးသားသားသစ်သီး"ဖြစ်ပြီး " နှစ်ငါးဆယ် "ကဗျာစာအုပ်ဖြင့် ၂၀၀၃ ပျဉ်းမနားအလယ်ရိုးမ ကဗျာစာပေဆု၊မောင်ချောနွယ်ကဗျာဆု၊ ကဗျာချစ်သူလူငယ်များကဗျာဆု တို့ရှိ ရခဲ့သည်။

ဆရာကြည်ဇော်အေး ကဗျာအချို့ကို ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ် ဘာသာများဖြင့်ပြန်ဆိုဖော်ပြခဲ့ကြသည်။

တစ်ကိုယ်တော် ကဗျာစာအုပ်များအဖြစ် (၁) ရိုးရိုးသားသား သစ်သီး၊ (၂)ပထဝီအနေအထား၊ (၃) နှစ်ငါးဆယ် လက်ရွေးစင် ကဗျာများ၊ (၄) ဖန်ပြွန်သန္ဓေသား၊ (၅) အသက်ကယ်အင်္ကျီ၊ (၆) လူငယ်တစ်ယောက်ရဲ့ မှတ်စုများ (ရုပ်ပုံလွှာ)၊ (၇) မိုးနည်းရပ်ဝန်းဒေသ လက်ရွေးစင် ကဗျာရှည်များ၊(၈) စစ်ပြီးခေတ် ဒစ်ဂျစ်တယ်ရေဒီယို (ကဗျာရှည်)၊ (၉) ရောမ စစ်မျက်နှာ၊(၁၀) မြ ၊ (၁၁) ဘုရားလောင်းခေတ်က ချစ်သူများ၊ (၁၂) တောလမ်းကလေး (အက်ဆေးများ) တို့ကို ရေးသားခဲ့သည်။

 “ကဗျာ့အသံ” ကဗျာမဂ္ဂဇင်းအားမိတ်ဆွေများနှင့်အတူထုတ်ဝေခဲ့ကာ ထင်ရှားသော ကဗျာများမှာ နှစ်ငါးဆယ်၊ငါ့နာမည်ဂုဏ်သရေရှိ၊တော်လှန်ရေးသမားတယောက်ရဲ့အတ္ထုပ္ပတ္တိ တို့ဖြစ်သည်။

ဆရာကြည်ဇော်အေးသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဦးနှောက်သွေးကြောပေါက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၄၄) နှစ်ဖြစ်သည်။