မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)

Listing Description

အဖ ဦးကောက်ထွန်း၊ အမိ ဒေါ်နှင်းရင်တို့မှ ၁၉၅၄ ခု၊ စက်တင် ဘာလ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့၌ မွေးဖွားသည်။

၁၉၇၂ ခုနှစ်တွင် အ.ထ.က (၁) အင်းစိန်မှ အခြေခံပညာ အထက်တန်းအောင်မြင်သည်။ ၁၉၇၇ ခုနှစ်တွင် ရန်ကုန်စက်မှု တက္ကသိုလ်မှ B.E (Chemical) ဘွဲ့ရရှိခဲ့သည်။

၁၉၈၁ ခုနှစ်မှစ၍ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထည် အလိပ်လုပ်ငန်းတွင် ဌာနခွဲမှူးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၇ မှ ၁၉၈၈ ခုနှစ်အထိ ဗြိတိန်နိုင်ငံ Scottish College of Textile တွင် Textile Technology ဘွဲ့လွန်ဒီပလိုမာသင်တန်းသို့ ပညာတော်သင်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် အလုပ်မှနုတ်ထွက်ပြီး နိုင်ငံခြားကုမ္ပဏီများတွင် Business Development Manager, General Manager အဖြစ် ရှစ်နှစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ ဇူလိုင်လထုတ် သင့်ဘဝမဂ္ဂဇင်းတွင် “ဘဝအဖော်မွန်” ကဗျာ စတင်ရေးသားပြီး စာနယ်ဇင်းများတွင် စာပေများ ဆက်လက် ရေးသားသည်။ လုံးချင်း ၃၅ အုပ်ရေးသားပြီးဖြစ်သည်။ ၂၀၀၃ ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့်အသုံးချ) ဘာသာရပ်၌ “သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးမှသည် e-Government ဆီသို့” စာမူဖြင့် ပထမဆု ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) ရရှိခဲ့သည်။ အမည်ရင်းမှာ ဦးမြင့်သိန်း ဖြစ်သည်။