အာနန္ဒာဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ အာနန္ဒာဘုရားကြီးမှာ ပုဂံဘုရားများအနက် အလွန်တရာ အချိုးအစားကျန လှပတင့်တယ်၍ ချီးကျူးဖွယ် အကောင်းဆုံးသော ဘုရားတစ်ဆူ ဖြစ်ပါသည်။ အာနန္ဒာဘုရားကြီးကို ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၀၉၁ ခုနှစ်တွင် ထီးလှိုင်ရှင် (ခေါ်) ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ပါသည်။ ရှေးဟောင်းသုတေသီတို့၏ အဆိုအရ အနန္ဒာဘုရားကြီးသည် ဘဂ်လားဒေ့ရှ်ရှိ ပါဟာပူစေတီနှင့် ဗန်ကောက်မြို့ အနောက်ဘက်ရှိ ဒွာရာ၀တီမြို့ဟောင်းအနီးမှ နခွန်ပထွန်စေတီနှင့် ဆင်တူကြောင်း သိရှိရပါသည်။ အာရုံခံလေးဘက်၌ ကြက်‌ခြေခတ်သဏ္ဌာန် ဖြစ်သောကြောင့် ထိုပန္နက်ပုံဘုရားမျိုး ပုဂံတွင် အာနန္ဒာ နှင့် ဓမ္မရံကြီး နှစ်ဆူသာရှိသည်။ ဘုရားအကျယ်အ၀န်း တစ်ဖက်ထိပ်မှ တစ်ဖက်ထိပ်အထိ ၂၈၉ ပေရှိသည်။ အမြင့်မှာ အောက်‌ခြေမှ ကြာမှောက်လှန်အထိ ၁၆၈ ပေ၊ တံတိုင်းအကျယ်အ၀န်းမှာ အရှေ့အနောက် ၅၉၆ ပေ တောင်မြောက် ၅၉၂ ပေ ရှိသည်။ စေတီတစ်သောင်း မုခ်ပေါင်းတစ်ထောင်၊ လမ်းသုံးမြောင်ဟူသော အဆိုအရ စေတီတစ်သောင်းမှာ တံတိုင်းပတ်လည်အတွင်းလိုဏ်မုခ်ကပ်များတွင် စေတီပေါက်ထားပီး ဘုရားကြီး၏ စေတီအရံများနှင့် တွက်သော် တစ်သောင်းရှိနိုင်ပါသည်။ မုခ်ပေါင်းတစ်ထောင်မှာလည်း ကွမ်းထောင့်လေးမျက်နှာတွင်ရှ်ိသော မုခ်ကပ်ချိုင့်များ စင်္ကြန်ပတ်လမ်းနှစ်ခုဝဲယာ နံရံရှိ မုခ်ကပ်များနှင့် အာရုံခံ လေးဘက် အတွင်းရှိ မုခ်ကပ်အချိုင့်များဖြစ်သည့် ၎င်းမုခ်ကပ်များကြောင့် ဘုရားအတွင်း ပဲ့တင်သံ၊ လိုဏ်သံများ မကြားရတော့ပေ။ လမ်းသုံးမြှောင့်တွင် အတွင်း‌ဆုံးပတ်လမ်းသည် ရဟန်းသံဃာများ လှည့်ပတ်ပူဇော်ရန် ဒုတိယအလယ်ပတ်လမ်းမှာ မင်းညီမင်းသားများအတွက်ဖြစ်ပြီး အပြင်ပတ်လမ်းမှာ သာမန် လူပုဂ္ဂိုလ်တို့ ကုသိုလ်ယူလှည့်လည်ဖူးမျှော်ရန်ဖြစ်သည်။ စဉ့်အနုပညာလက်ရာများမှာလည်း ပုဂံတွင် စဉ့်အနုပညာလက်ရာရှိသော ဘုရားများအနက် ဤဘုရားကြီးတွင် အကောင်းဆုံးလက်ရာများ ရှိပါသည်။ အပြင်စင်္ကြန်ပတ်လမ်းအတွင်းတွင်ရှိသော ကျောက်ဆစ်လက်ရာများမှာ ပုဂံတွင် အကောင်းဆုံး ပန်းတမော့လက်ရာများဖြစ်ပါသည်။ အထူးသဖြင့် အဝိဓူရေ ဗုဒ္ဓဝင်ခန်း အခန်း ၈၀ မှာ လက်ရာအလွန်ကောင်းပြီး ပျမ်မျှအမြင့် ၃ ပေ ၆ လက်မ၊ ဗြက် ၂ ပေ ၅ လက်မ၊ ထု ၁ ပေရှိပါသည်။ သဲကျောက် တစ်လုံး တည်းသားများဖြင့် ထုထားသည့် မုဒြာဟန်အမျိုးမျိုး ဗုဒ္ဓဆင်းတုတော်များ ပုဇော်ထားပါသည်။ လေးမျက်နှာမတ်ရပ်ကိုယ်တော်ကြီးလေးဆူ အနက် မြောက်ဘက်မျက်နှာတွင် ကကုသန္ဓ စကားသား ဖြင့် ထုထားသော ကကုသန်ဘုရားဖြစ်ပြီး  ၁၉၀၆ ခုနှစ်က သင်္ကန်းအတွန့်များ ထည့်၍ ပြန်လည်မွန်းမံသော ရှေးဟောင်းဘုရားဖြစ်သည်။ အရှေ့ဘက်ဂေါဏာမနဘုရားမှာ မူလစန္ဒကူးသား ဖြစ်ပြီး မူလဘုရားကြီး မီးခပျက်စီးသောကြောင့် မင်းတုန်းမင်းလက်ထက်တွင် ပုဂံမြို့၀န်ဦးဖိုးက ကျွန်းသားဖြင့် အစားထိုးပြုလုပ်ခဲ့သည်။ တောင်ဘက် ကဿပဘုရားမှာမူ ထင်းရှူးသားနှင့် ထုလုပ်ထားပြီး မူလအတိုင်းပင်ရှိသည်။ အနောက်ဘက်ဂေါတမဘုရားမှာမူ ရွှေ၊‌ငွေ၊ကြေး၊သံခဲ ပါသော ပဉ္စလောဟာဖြင့် သွန်းလုပ်ခဲ့သော်လည်း မီးခသဖြင့် မူရင်းမရှိတော့ဘဲ သစ်သားဖြင့် အစားထိုးပြီး ၁၈၉၂ ခုနှစ်တွင် ပုဂံမြို့မှ ကုန်သည် ဦးစံငြိမ်း မှ မွမ်းမံပြင်ဆင်ခဲ့ပါသည်။ မူလဆင်းတုတော်ကြီးနှစ်ဆူဖြစ်သော တောင်ဘက်နှင့် မြောက်ဘက် ဆင်းတုတော်ကြီးနှစ်ဆူမှာ သစ်သားတစ်လုံးတည်းဖြင့် ထုလုပ်ထားပြီး ပုံတော်မှာ အနီးမှမော့၍ ဖူးလျှင် မျက်နှာတော် တည်ကြည်ပြီး အာရုံခံနောက်ဘက်သို့ဆုတ်၍ အဝေးမှဖူးမြော်လျှင် မျက်နှာတော်မှာ သိသိသာသာ ပြောင်းလဲပြီး ပြုံးနေသည်ကို ဖူးမြော်တွေ့ရှိရမည်ဖြစ်ပါသည်။ အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ပြာသိုလ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။